မန်ယူအသင်းလေ့ကျင့်ရေးကွင်း အဝတ်လဲခန်းသို့ ရက်ရှ်ဖို့ဒ်ဝင်ခွင့်မရသေး

မန်ယူအသင်းလေ့ကျင့်ရေးကွင်း အဝတ်လဲခန်းသို့ ရက်ရှ်ဖို့ဒ်ဝင်ခွင့်မရသေး

မတ် ၂၇၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက် ဆယ်ကျော်သက်ဂိုးသွင်းသူရဲကောင်း ရက်ရှ်ဖို့ဒ်သည် အသင်းလေ့ကျင့်ရေးကွင်း အဝတ်အလဲခန်းအတွင်းတွင် ပွဲထွက်စီနီယာ အသင်းသားများနှင့်အတူ အဝတ်လဲခွင့်မရသေးဟု ဆန်းဒေးပီးပဲသတင်းစာက ဖော်ပြလိုက်သည်။

မန်ချက်စတာဒါဘီတွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့သည့် ရက်ရှ်ဖို့ဒ်သည် မန်ချက်စတာယူနိုက်တက်အသင်း၏ မျှော်လင့်ချက်များ ကို ဆက်လက်ယှဉ်သန်စေသည့်အနေဖြင့် ရှစ်ပွဲကစားပြီး ငါးဂိုးသွင်းထားသူလည်းဖြစ်သည်။

သို့သော် ၁၈ နှစ်အရွယ်တိုက်စစ်မှူးသည် အခြားလူငယ်ကစားသမားများကဲ့သို့ပင် ကာရင်တန်ကွင်းရှိအဝတ်လဲခန်းအတွင်းတွင် စီနီယာ ကြယ်ပွင့်များနှင့်အတူထိုင်ခွင့် ပိတ်ပင်ခံထားရဆဲဖြစ်သည်။

ရက်ရှ်ဖို့ဒ်အပြင်အခြားသော ပွဲထွက်ခွင့်ရလူငယ်ကစားသမားများဖြစ်သည့် ဗာရီလာ၊ ဝီယာ၊ ရီလေး၊ လပ်ဗ်၊ ပိုလီတို့စသည့် သက်တူရွယ်တူ ကစားသမားများအဖွဲ့အနေဖြင့် ယူ-၂၁ အဝတ်လဲခန်းကိုသာ အသုံးပြုရမည်ဟု ဗန်ဟားလ်က စည်းကမ်းထုတ်ထားသည်။

လူငယ်ကစားသမားအဖွဲ့သည် လူငယ်အဝတ်လဲခန်းအတွင်း အဝတ်လဲပြီးမှသာ ဒီဂီယာ၊ မာတာ၊ ကာရစ်၊ ဘလိုင်း၊ ရှနိုက်ဒါလင်း၊ မာရှယ် စသည့်ကစားသမားများနှင့်အတူ လေ့ကျင့်ခွင့်ရကြသည်။

လေ့ကျင့်ခန်းအပြီးတွင် ယူ-၂၁ အဝတ်လဲခန်းအတွင်းတွင်သာ ပြန်လည်အဝတ်လဲရပြီး နေ့လည်စာကိုလည်း အလားတူခွဲခြားပြီး စားကြရ သည်။ နည်းပြဗန်ဟားလ်၊ လက်ထောက်နည်းပြ ဂစ်၊ နီကီဘတ်တို့သည် လူငယ်ကြယ်ပွင့်များကို တစ်စုတစည်းတည်းသီးသန့်ခွဲထားလိုပြီး အနာဂါတ်ကြယ်ပွင့်များကို လက်ရှိကစားသမားများနှင့်ရောထွေးကာ အထူးအခွင့်ရေးမပေးလိုသည့် သဘောဖြစ်သည်ဟု ဆန်းဒေးပီးပဲက သုံးသပ်ခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly