စီးရီးဘီပွဲစဉ်ငါးပွဲတွင်လုပ်ပွဲဖန်တီးခဲ့ဟု ကာတာနီးယားအသင်းပိုင်ရှင်ဝန်ခံ

စီးရီးဘီပွဲစဉ်ငါးပွဲတွင်လုပ်ပွဲဖန်တီးခဲ့ဟု ကာတာနီးယားအသင်းပိုင်ရှင်ဝန်ခံ

ဇူလိုင် ၁၊ ကာတာနီးယား။ ။ အီတလီတတိယတန်းလိဂ်သို့ တန်းမဆင်းရရန်အတွက် စီးရီးဘီပွဲစဉ်ငါးပွဲကိုလုပ်ပွဲအဖြစ်ဖန်တီးခဲ့သည်ဟု ကာတာနီးယားအသင်းပိုင်ရှင် အန်တိုနီနိုပယ်ဗီရန်တီက ဝန်ခံလိုက်သည်။

ထို့ပြင်ငွေပေးမှုစုစုပေါင်း ယူရိုငါသိန်း (ပေါင် ၃၅၅,၀၀၀) ထိရှိခဲ့သည်ဟုလည်း တနင်္လာနေ့ကပြုလုပ်သော ပထမဆုံးအကြိမ်ကြားနာမှုတွင် ဝန်ခံခဲ့သည်။

အန်တိုနီနိုပယ်ဗီရန်တီသည် အားကစားလောကအတွင်းလိမ်လည်မှုဖြင့် ပြီးခဲ့သည့်တစ်ပတ်ကဖမ်းဆီးခံရသူ ခုနစ်ဦးအနက်တစ်ဦးအပါအဝင် ဖြစ်သည်။

"စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့လိုနေသေးဖို့ အခုအချိန်မှာတော့ ပိုလွယ်ကူလာပါပြီ"ဟု ကာတာနီးယားအမှုလိုက်အရာရှိ ဂျီယိုဗန်နီဆယ်ဗီ က ဆိုခဲ့ပြီး ပယ်ဗီရန်တီသည် ဘောလုံးပွဲများ၏ရလဒ်ကိုလောင်းကစားမှုပြုလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆန်နေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်။

လုပ်ပွဲဖန်တီးခဲ့သည်ဆိုပြီး စစ်ဆေးနေသည့် ငါးပွဲမှာ ဗာရီစီ၊ ထရက်ပါနီ၊ လာတီနာ၊ တာနာနာ၊ လီဗော်နိုတို့နှင့် ကစားခဲ့သည့်ပွဲများဖြစ်သည်။ ကာတာနီးယားအသင်းသည် ပထမလေးပွဲကို ဧပြီလအတွင်းအနိုင်ရခဲ့ပြီး မေ ၂ တွင် လီဗော်နိုနှင့် တစ်ဂိုးစီသရေကျခဲ့သည်။

ရာသီကုန်တွင် အသင်း ၂၂ သင်းရှိသည့်စီးရီးဘီ၌ အဆင့် ၁၅ ရခဲ့ပြီး တန်းဆင်းရမည့်လေးသင်းစာရင်းမှ လွတ်မြောက်ခဲ့သည်။ စုံစမ်းမှုများ၏ ရလဒ်အရ ကာတာနီးယားအသင်းမှာ စတုတ္ထတန်းထိပင် ဆင်းရဖွယ်ရှိနေသည်။

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly