ယူ-၂၁ ဥရောပဖလားကို ဆွီဒင်အသင်း ပထမဆုံးအကြိမ် ဆွတ်ခူး

ယူ-၂၁ ဥရောပဖလားကို ဆွီဒင်အသင်း ပထမဆုံးအကြိမ် ဆွတ်ခူး

ချက်၊ ဇူလိုင် ၁။ ။ ချက်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ ယူ-၂၁ ဥရောပဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆွီဒင်အသင်းသည် ပေါ်တူဂီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရောပလူငယ်ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ဆွီဒင်လူငယ်အသင်းနှင့် ပေါ်တူဂီလူငယ်အသင်းတို့သည် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန်အတွင်း ဝ-၀ ရလဒ်ဖြင့် အဖြေမပေါ်ခဲ့သည့်အတွက် ပင်နယ်တီကန်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ပင်နယ်တီကန်သွင်းရာတွင် ဆွီဒင်က လေးဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ပေါ်တူဂီမှာ သုံးဂိုးသာ သွင်းနိုင်ခဲ့သည်။ ပေါ်တူဂီအသင်းမှ ကွင်းလယ်လူ ဝီလျံကာဗယ်ဟိုမှာ နောက်ဆုံးပင်နယ်တီကို လွဲချော်ခဲ့ခြင်း ဖြစ်သည်။

ဆွီဒင်အသင်းသည် ယူ-၂၁ ယူရိုဖလားပြိုင်ပွဲတွင် ၁၉၉၂ ခုနှစ်က တစ်ကြိမ်သာ ဒုတိယရခဲ့ပြီး ယခုအောင်မြင်မှုသည် ပထမဆုံး ဖြစ်သည်။

ဆွီဒင်အသင်းသည် အုပ်စု(ခ)တွင် ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်တို့ဖြင့် အတူကျရောက်ခဲ့ပြီး သုံးပွဲယှဉ်ပြိုင်ခဲ့ရာတွင် အီတလီကို ၂-၁ ဂိုးဖြင့်နိုင်၊ အင်္ဂလန်ကို ၁-၀ ဖြင့် ရှုံးပြီး ပေါ်တူဂီနှင့် ၁-၁ သရေကျခဲ့သည်။ အီတလီနှင့် ရမှတ်လေးမှတ်တူညီခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုတွင် အသာရခဲ့သည့်အတွက် ဆီမီးသို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ဒိန်းမတ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ချက်အသင်းမှ ဂျန်ကလီးမန့်က သွင်းဂိုးသုံးဂိုးဖြင့် ရပ်တည်ခဲ့သည်။ စုစုပေါင်းပွဲစဉ် ၁၅ ပွဲကစားခဲ့ရာတွင် ၃၂ ဂိုးသွင်းယူခဲ့ပြီး ပရိသတ်ပေါင်း ၁၆၂,၉၉၄ ဦး လာရောက်ကြည့်ရှုခဲ့သည်။

လာမည့် ၂၀၁၇ ဥရောပ ယူ-၂၁ ပြိုင်ပွဲကို ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly