ယီမင်ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၂၆ ဦးသေ၊ အိုင်အက်စ်က ၄င်းတို့လက်ချက်ဟုဆို

ယီမင်ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၂၆ ဦးသေ၊ အိုင်အက်စ်က ၄င်းတို့လက်ချက်ဟုဆို

အေဒင်၊ မတ် ၂၆ ။          ။ မတ် ၂၅ က ယီမင်တောင်ပိုင်းရှိ အေဒင်မြို့တွင် အသေခံဗုံးခွဲသူ သုံးဦးက လုံခြုံရေးစစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူ ၂၆ ဦးသေဆုံး ခဲ့သည်ဟု ဒေသခံများနှင့် လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟု အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်ပြီး တိုက်ခိုက်မှုကြောင့် လူဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့သည်။ ယီမင်၏ ပြည်တွင်းစစ်လည်း တစ်နှစ်ပြည့်သွားပြီဖြစ်သည်။

ပေါက်ကွဲမှုတစ်ခုတွင် ဗုံးများတင်ထားသော လူနာတင်ယာဉ်တစ်စီးသည် အေဒင်အနောက်မြောက်ပိုင်း ဘူရိုင်ကာဧရိယာရှိ စစ်ဘက်စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲရာ စစ်သားနှင့် အရပ်သား ၁၄ ဦးခန့် သေဆုံးခဲ့သည်ဟု မျက်မြင်များနှင့် လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

အခြားဗုံးနှစ်လုံးမှာ ယီမင်တွင် တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သော အခြေစိုက်စခန်းတစ်ခုသို့သွားသည့် လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များကို ထိမှန်ခဲ့သည်။ အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

သို့သော်လည်း ထိခိုက်သေဆုံးသူများတွင် ညွန့်ပေါင်းစစ်သားများပါမပါ သတင်းများချက်ခြင်းထွက်ပေါ်မလာသေးပေ။ ဗုံးခွဲသူများသည် ညွန်ပေါင်းအဖွဲ့၏ ကွပ်ကဲရေး အခြေစိုက်စခန်းကို ပစ်မှတ်ထား ခဲ့သော်လည်း စစ်ဆေးရေးဂိတ်ကို စောင့်ကြပ်နေသည့် တိုက်ခိုက်ရေးသမားများက ကြိုတင်ကာကွယ်ခဲ့သည်ဟု အေဒင်ရှိ ဒေသခံအစိုးရ ပြောခွင့်ရအမျိုးသား နီဇာအန်ဝါက ပြောသည်။

"လူ ၂၀ကျော်လောက် သေပါတယ်။ အများစုက အရပ်သားတွေပါ"ဟု ၎င်းကပြောသည်။ အိုင်အက်စ်၏ ယီမင်အဖွဲ့က တိုက်ခိုက်မှုသုံးခုစလုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၂၇ ဦးသေဆုံးသည်ဟု အိုင်အက်စ်၏ သတင်းအေဂျင်စီတစ်ခုဖြစ်သော Amaq ကဖော်ပြသည်။

အီရန်၏ မဟာမိတ် ဟူသီသူပုန်များနှင့် သမ္မတဟောင်းအလီအက်ဘ်ဒူလာဆာလေအပေါ်သစ္စာခံတပ်ဖွဲ့များ နိုင်ငံကို မထိန်းချုပ်နိုင်ရန် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် လွန်ခဲ့သည့်တစ်နှစ်က ယီမင်စစ်ပွဲတွင်းသို့ ဝင်ရောက်ခဲ့သည်။ အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါအပါအဝင် အခြားလက်နက်ကိုင်အုပ်စုများလည်း ဖရိုဖရဲအခြေအနေထဲသို့ ဝင်ရောက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required