ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံး

ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံး
ကေအိုင်အေ နှင့် တပ်မတော်အရာရှိများ မတ်လအတွင်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဦးလှမောင်ရွှေဖေ့စ်ဘုတ်)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကာ တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့သည်ဟု KIO နှင့် ဖားကန့် ဒေသခံများက ပြောသည်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတုန်းပဲ။ ဒီညနေတောင် ကျနော်တို့ ရင်း ၆ ဘက် လက်နက်ကြီး ၁၀ ကြိမ် ကျော်လောက် ပစ်တယ်။ ခုန ၈ နာရီကျော်လောက်မှာ ပစ်တယ်ဆိုတော့ ဘယ်ဘက်ကနေ ပစ်လိုက်တယ် ဆိုတာတောင် မသိသေးဘူး”ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ ဖားကန့်- မိုးကောင်း ကားလမ်းပေါ်ရှိ နမ့်ယားအထက် ကပ်မော်ဇွပ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ခရီးသည် တစ်ဦး သေဆုံးခဲ့သလို၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လုံးခင်းမြို့နယ် ဒုဥက္ကဋ္ဌ ဦးတင်စိုးက ပြောသည်။

“တိုက်ပွဲနဲ့ ဖောက်ခွဲမှုတွေက နေ့စဉ်လို ဖြစ်နေတယ်။ ဖားကန့်နဲ့ မိုးကောင်းလမ်းမှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေရော၊ ကေအိုင်အေတွေရဲ့ လှုပ်ရှားမှုတွေရော ကားလမ်းပေါ်မှာကို ဖြစ်နေတယ်။ မနေ့ကဆို ခရီးသည်ကားတစ်စီးထိလို့ တယောက်က ဆုံး၊ တယောက်ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၃၀ ရက် ည ၈ နာရီကျော်ချိန်တွင် လုံးခင်းမြို့နယ် နမ့်မဖြစ်ကျေးရွာ အတွင်းရှိ စိမ်းကောင်းမြင့် ကုမ္ပဏီ နေရာတွင် မိုင်းဖေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် မြေတူးစက်(ဘက်ဖော်)ကားများ မီးလောင်မှုများ ဖြစ်ပွားနေသည်ဟု သူက ပြောသည်။

“အခုလည်း ကျွန်တော်တို့ ဒီလုံးခင်းထဲမှာ စိမ်းကောင်းမြင့်ဆိုတဲ့ ကုမ္ပဏီနေရာမှာ မိုင်းတွေခွဲပြီးတော့ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတော့မှ ဘက်ဖော် ၄၊ ၅၊ ၆ မီးလောင်နေတယ်လို့ သတင်းရတယ်။ အဲဒီမှာ ဒဏ်ရာ ရတဲ့ လူတွေလည်း ရှိတယ်လို့ ကြားတယ်။ ဘယ်သူဘယ်ဝါ မီးရှို့တယ်ဆိုတာ မသိသေးဘူး”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ထူးကုမ္ပဏီနှင့် သစ်သုံးလုံး ကုမ္ပဏီနေရာများတွင် မီးရှို့ဖျက်ဆီးမှုများ ရှိသော်လည်း အရပ်သားများကို ထိခိုက်မှု မရှိကြောင်း ဦးတင်စိုးက ပြောသည်။ လက်ရှိ ဖားကန့်မြို့ အဝင်အထွက်တွင် အစိုးရ စစ်တပ်ဘက်မှ စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေမှုများလည်း ရှိနေသည်ဟု သူက ပြောသည်။ ဇွန်လ ၁၈ ရက်ကလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆိုင်းတောင်အနီးရှိ ထူးကုမ္ပဏီပိုင်ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၁၅ ရက်မှစတင်၍ အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တပ်ဖွဲ့တို့အကြား ဖားကန့်မြို့နယ် နမ့်ဂျန်ခူးဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ဒေသများအတွင်းရှိ ဒေသခံ ၁၀၀ ကျော်ကို သိမ်းရှောင်ခဲ့ရသဖြင့် ဖားကန့်မြို့ ဘာသာရေး အဖွဲ့အစည်းများက သွားရောက်ခေါ်ယူခဲ့ရသည်။

ဇွန်လ ၁၇ ရက်ညပိုင်းကလည်း ဖားကန့် ဥရုချောင်းတံတားထိပ်နှင့် ကပ်မှော်ကျေးရွာတွင် အစိုးရ စစ်တပ်၏ လုံခြုံရေး ကင်းအတွင်း လက်ပစ်ဗုံးပေါက်ကွဲခဲ့သဖြင့် အစိုးရဘက်မှ အရာရှိ နှစ်ဦး သေဆုံးခဲ့ရသည်။

အလားတူ ဖားကန့်ဒေသဘက်တွင်လည်း အစိုးရ စစ်တပ်ဘက်မှ အင်အားဖြည့်တင်းမှုများရှိသလို၊ ဇွန်လ ၂၄ ရက်ကလည်း ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာတွင် အစိုးရ စစ်တပ်နှင့် KIA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG ) မှ ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required