“ရွေးကောက်ပွဲ ကော်မရှင်သစ်၊ အဟောင်းတွေနဲ့ ဘာကွာမလဲ”

“ရွေးကောက်ပွဲ ကော်မရှင်သစ်၊ အဟောင်းတွေနဲ့ ဘာကွာမလဲ”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတအဖြစ် ရွေးချယ်ခြင်း ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် မယ့် နာမည်စာရင်းကို တင်သွင်းပါတယ်။ ဦးလှသိန်း၊ ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နဲ့ ဦးလှတင့် တို့ ဖြစ်ပါတယ်။ ဒီအထဲကမှ ဦးလှသိန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်မယ်လို့ တင်ပြထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီပုဂ္ဂိုလ်တွေဟာ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်တွေအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မကိုက်ညီကြောင်း သက်သေအထင်အရှားပြ၊ ကန့်ကွက်တာမျိုး မရှိရင် အတည်ဖြစ်လာတော့မှာပါ။

ဒီရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ အရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖွဲ့ဝင် ဘာတွေ ကွာခြားမလဲ၊ အရင် ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဒီအဖွဲ့ခန့်အပ် လိုက်တာနဲ့ ပတ်သက်ပြီး နောင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အနီးခေတ် မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရည်ရွယ်ပြီး အရင် စစ်အာဏာ ရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်ဆန်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့ ပါတယ်။ အဲဒီအချိန်က ကော်မရှင်ဥက္ကဋ္ဌအဖြစ် အငြိမ်းစားဗိုလ်ချုပ် သိန်းစိုးကို တာဝန်ပေးခဲ့ပါ တယ်။ စစ်အာဏာရှင်တွေက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်ဖြစ်တဲ့ အားလျော်စွာပဲ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့၊ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးဖို့တော့ မဟုတ်ပါဘူး။

စစ်ဘုရင်မင်းဆက်တစ်ရပ် ထူထောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက် ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် ဆောင်ရွက်ပေးမယ့် စစ်ဆင်ရေးကြီးတစ်ခု ဆင်နွှဲခိုင်း တာမျိုးနဲ့ အလားသဏ္ဍာန် တူပါတယ်။ အာဏာရှင်တွေ လက်အောက်၊ အာဏာရှင်တွေက ချမှတ်ပေး တဲ့ ဥပဒေ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေအရ အလွန်တရားမျှတမှု မရှိတဲ့၊ အလွန် ညစ်ပတ်တဲ့ ရွေးကောက်ပွဲကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဦးသိန်းစိုးရဲ့ စစ်ဆင်ရေး အောင်မြင်မှုကြောင့်ပဲ သမ္မတ၊ လွှတ်တော် ဥက္ကဌ အစရှိသဖြင့် သူခန့်ချင်သူ၊ သူနေရာပေးချင်သူတွေကို စိတ်ကြိုက် နေရာချပေးသွားပြီး နိုင်ငံရေး ကန့်လန့်ကာနောက် ဝင်ရောက် သွားခဲ့ပါတယ်။ ဒီလိုနဲ့ သမ္မတဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာတာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ ရွေးကောက်ပွဲကို မသမာမှု လုပ်ထားတဲ့ ကိစ္စကို မျက်ခြေပြတ်သွားစေဖို့ အတွက် ဦးသိန်းစိုးကို အခြားတစ်နေရာ ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။

အဲဒါကတော့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌ တာဝန်ပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ်ကိုတော့ အငြိမ်းစား စစ်ဗိုလ်ချုပ် ဦးတင်အေးကို တာဝန်ပေးအပ် ခဲ့ပါတယ်။

အရင် စစ်အာဏာရှင်လက်ထက်မှာ ထိပ်ပိုင်းတာဝန်တွေ ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်ထားလိုက်တဲ့အခါ ဝေဖန်သံတွေ ဆူညံသွားပါတယ်။ အဲလို ခန့်လို့ရသလား၊ ဒီလိုခန့်လိုက်ရင် နိုင်ငံရေးပါတီတွေကြား တရားမျှတမှုတွေ ဖြစ်လာစေမလား၊ ရွေးကောက်ပွဲတွေကိုရော မျှမျှတတ ကျင်းပပေးပါ့မလား စသဖြင့် ဖြစ်ပါတယ်။

တကယ်တော့ သမ္မတဟာ ဦးတင်အေးလို စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကို ရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဌအဖြစ် ခန့်အပ်နိုင်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရဲ့ အားနည်းချက်ကြောင့် ဖြစ်ပါ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ အခန်း အောက်က ပုဒ်မ ၃၉၈၊ (ခ) (၃)မှာ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ တရားရေးဆိုင်ရာ အတွေ့အ ကြုံတွေရှိသူ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် နောက်ဆုံး (ဃဃ)မှာ “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ ဖြစ်ရမည်” ဆိုပြီး ဖော်ပြထားပါတယ်။ အဓိပ္ပါယ်က တော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌခန့်ဖို့ အခြား တရားရေးဆိုင်ရာ အတွေ့အကြုံတွေ မရှိရင်လည်း သမ္မတက သူကြိုက်တဲ့သူကို ခန့်နိုင်တယ်ဆိုတဲ့သဘော တွေ့ရပါတယ်။ ဒီလိုနဲ့ ဖွဲ့စည်းပုံနဲ့အညီ ဦးတင် အေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာတာပါ။

ဦးတင်အေးဟာ သူ့လက်ထက်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်တိုင် ပြည်သူလူထုရဲ့ တကယ့် ဆန္ဒအမှန်ကို သိချင်တာ ကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေးခဲ့ပါတယ်။ မဲဆန္ဒနယ် ၄၀ ကျော် မှာ အင်န်အယ်လ်ဒီနဲ့ ပြိုင်တဲ့နေရာတိုင်းမှာ ပြည်ခိုင်ဖြိုး အရှုံးပေါ်ပါတယ်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အင်န်အယ်လ်ဒီ အမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်သွားတာပါ။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်တော့ အငြင်းပွားစရာ ပြဿနာတွေ အများကြီး ကြုံပါတယ်။ မဲစာရင်းပြုစုမှု မကောင်းတာနဲ့ ဥပဒေ ချိုးဖေါက်သလိုလုပ်ပြီး မဲပေးခွင့် လက်မှတ်တွေ ထုတ်ပေး၊ အဲဒီ လက်မှတ် တွေနဲ့ မဲပေးခွင့်ပြုတဲ့ ကိစ္စက ထင်ရှားတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရ သွားတဲ့အတွက် ဦးတင်အေးကို ဘယ်သူမှ မဝေဖန်တော့ပါဘူး။
အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဦးဆောင်တာ မဟုတ်ပဲ ဥပဒေ ပညာရှင်တစ်ယောက်က ဦးဆောင်တာမို့ ဒီမိုကရေစီ စနစ်နဲ့လည်း ကိုက်ညီပါတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စွာ ကျင်းပပေး ခဲ့တဲ့ အရပ်သားပညာရှင်တွေပဲ ပါဝင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိုတောင် ပြန်သတိရစေပါတယ်။

တကယ့်တကယ် တိုင်းပြည်မှာ အရေးကြီးတာက ရွေးကောက်ပွဲကော်မရှင်လို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကြီးတွေ ခိုင်ခိုင်မာမာ အားကောင်းမောင်းသန် ရှိနေဖို့ပါ။ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်နည်း လုပ်ဟန် တာဝန်ရှိသူတွေထဲမှာရော၊ ပြည်သူတွေကြားမှာပါ ခိုင်မာ အမြစ်တွယ်နေစေဖို့ပါ။ ဒါမှသာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ၊ လူထုဆန္ဒခံယူပွဲတွေ ကျင်းပတဲ့အခါ မှန်ကန်တဲ့ အဖြေရလာဒ်တွေ ထွက်ပေါ်လာမှာပါ။

ပြီးခဲ့တဲ့ လပိုင်း စစ်တပ်က အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေ စိတ်ကြိုက်ဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု လူထုဆန္ဒခံယူပွဲ လုပ်ပါတယ်။ ပြည်သူတွေက ပယ်ချလိုက်နိုင် ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနဲ့ ထိုင်းက လူထုဆန္ဒခံယူပွဲ ခြားနားချက်က အဲဒါပါပဲ။ အဓိက ကွာခြားချက်က စစ်အာဏာသိမ်းထားတာချင်း တူပေမယ့် အဖွဲ့အ စည်းကောင်းကောင်း၊ လုပ်ဟန်ကောင်းကောင်း စွဲမြဲ အမြစ်တွယ်နေတာမို့ ခုလို မှန်ကန်တဲ့ ရလာဒ် ထွက်ပေါ်လာတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း လာမယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အတွက် ရွေးကောက်ပွဲကော်မရှင်လို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ လွတ်လပ်ပြီး ခိုင်မာ အားကောင်းလာအောင်၊ ကောင်းမွန်တဲ့ လုပ်နည်းလုပ်ဟန်တွေ ပြည်သူကြား အမြစ်တွယ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly