စတော့စျေးကွက် ပထမနေ့တွင် FMI ၏ ရှယ်ယာတစ်စုစျေး ၅၀၀၀ ကျပ်မြင့်တက်

စတော့စျေးကွက် ပထမနေ့တွင် FMI ၏ ရှယ်ယာတစ်စုစျေး ၅၀၀၀ ကျပ်မြင့်တက်
စတော့ရှယ်ယာစျေးကွက်ကို မတ်လ ၂၅ရက်က ကျပ် ၂၆,၀၀၀ဖြင့် စတင်ဖွင့်လှစ်ခဲ့စဉ်။ (ဓာတ်ပုံ-လှိုင်မျိုးထွန်း)

ရန်ကုန်၊ မတ် ၂၅ ။        ။ ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာအရောင်းအဝယ် ပထမနေ့တွင် FMI Listed ကုမ္ပဏီကကျပ် ၂၆၀၀၀ ဖြင့် ဖွင့်ဈေးစတင်ခဲ့ပြီးယင်းနေ့၏ အပိတ်ဈေးအဖြစ် ကျပ် ၃၁၀၀၀ အထိရှိလာပြီး အစုရှယ်ယာတစ်စုကိုကျပ် ၅၀၀၀ မြင့်တက်ခဲ့သည်ဟု FMI ( ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ) ၏ Chief Financial Officer ဖြစ်သူ ဦးထွန်းထွန်းက မဇ္ဈိမကိုပြောသည်။

“ပထမနေ့အတွက်တော့ မနက် ၁၁ နာရီကဖြစ်ခဲ့တဲ့ Matching Price ကျပ် ၃၁၀၀၀ ဖြစ်ပါတယ်၊ စစချင်းဖြစ်တာကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိပါဘူး” ဟု ဦးထွန်းထွန်းက ပြောသည်။

FMI ကုမ္ပဏီအနေနှင့် ရန်ကုန်စတော့အိတ်ချိန်းတွင် Listed မဖြစ်ခင်အချိန်ဖြစ်သည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအကုန်တွင် စာရင်းပိတ်ခဲ့သည့် ရှယ်ယာတစ်စုဈေးနှုန်းသည် ကျပ် ၃၆၀၀၀ ပတ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေပြီး ရှယ်ယာများ စတင်ရောင်းချသည့်နေ့တွင် ထိုပမာဏက အဆင်မပြေဖြစ်နိုင်တာကြောင့် ကျပ် ၂၆၀၀၀ ဖြင့် ဈေးကွက်အဖွင့်နေ့တွင် စာရင်းတင်ခဲ့ခြင်းဖြစ်သည်ဟုဦးထွန်းထွန်းကပြောသည်။

“ရန်ကုန်စတော့အိတ်ချိန်း ကြီးကြပ်ရေးကော်မတီဘက်က ကျွန်တော်တို့ရဲ့ ရှယ်ယာအသွားအလာတွေကို စိစစ်တယ်။ နောက်ပြီးတော့ ကုမ္ပဏီရဲ့တန်ဘိုးတွေအကုန်စိစစ်တယ်၊ နောက်ဆုံးတော့ အားလုံးကို ပျှမ်းမျှတွက်ချက်ပြီးတော့ ဒီဈေးနှုန်းနဲ့ စဖြစ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူဒေါက်တာမောင်မောင်သိမ်းက FMI ကုမ္ပဏီ၏ ရှယ်ယာအဖွင့်ဈေးသတ်မှတ်ပုံနှင့် ပတ်သတ်ပြီး..“ FMIအနေနဲ့ စတော့ဈေးကွက်စတဲ့နေ့မှာ realistic price ကိုအခြေခံရမှာဖြစ်တယ်၊ အဲဒီလိုမျိုး realistic price ကိုသတ်မှတ်တဲ့နည်းက Mathematical နည်းနဲ့ဆို (၄)ခုလောက်ရှိတယ်၊အဲဒိနည်းကအခုအချိန်မှာသုံးဖို့သိပ်မသင့်တော်ဘူး၊ အဲတော့ အခုကျွန်တော်တို့က Historical method ကိုသုံးပါတယ်။ အဲဒိနည်းအရဆိုရင် Point (၃)ပွိုင့်မှာရှိတဲ့ Price တွေကိုယူတာပေါ့၊ Point ဆိုတာကအချိန်ကိုပြောတာ..Point of Time ပေါ့၊ ပထမ Point of Time က Listed ကုမ္ပအဖြစ် မကြေညာချိန်ကဈေးနှုန်းပါ၊နောက်တစ်ခုက Listed လုပ်မယ်လို့ ကြေညာတဲ့အချိန်ကဈေးနှုန်းကိုယူလိုက်တယ်၊   နောက်ဆုံးတစ်ခုကနောက်ဆုံးဖြစ်တဲ့   ဈေးနှုန်းကိုယူလိုက်တယ်၊ ဒီ(၃)ခုအပေါ်မှာ မျှပြီးတွက်လိုက်တာ။ အကြမ်းဖျင်းကတော့ နှစ်သောင်းခြောက်ထောင်ရတယ်၊ ဒါဖွင့်ဈေးပေါ့၊ ဈေးတက်တာကျတာကတော့   ဈေးကွက်က သတ်မှတ်သွားတာပေါ့” ဟု ပြောသည်။

 FMI ကုမ္ပဏီတွင် အစုရှယ်ယာအရေအတွက်ပေါင်း ၆၈၀၀ နီးပါးရှိပြီး တန်ဘိုးအနေနှင့် ဘီလီယံပေါင်း ၆၀၀ ဘီလီယံကျပ်အထိရှိနေသည်။ FMI ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်းတွင် Listed ကုမ္ပဏီဖြစ်သောYoma Strategic Holdings ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီလည်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအနေနှင့် တစ်ချို့လုပ်ငန်းများတွင် ဆက်စပ်သောလုပ်ငန်းများရှိသလို တစ်သီးတစ်ခြားစီဖြစ်သော လုပ်ငန်းများလည်းရှိနေသည်။ ဥပမာအနေနှင့် ပုဂံရှိ Balloon Over Bagan မိုးပျံပူဖေါင်းပို့ဆောင်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ထိုကုမ္ပဏီ (၂)ခုကဆက်စပ်မှုရှိနေသည်။

FMI ကုမ္ပဏီအနေနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများကို အဓိကထားပြီးကုမ္ပဏီ၏ မဟာဗျူဟာလုပ်ငန်းစဉ်များအဖြစ် ဦးတည်လုပ်ကိုင်သွားဖြစ်သည်ဟု FMI ၏ Chief Financial Officer ဖြစ်သူ ဦးထွန်းထွန်းက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly