လွန်ခဲ့တဲ့ ၉၅ နှစ်က ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သင်္ဘောပဟေဠိ အပြီးတိုင် ဖြေရှင်းနိုင်ပြီ

လွန်ခဲ့တဲ့ ၉၅ နှစ်က ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သင်္ဘောပဟေဠိ အပြီးတိုင် ဖြေရှင်းနိုင်ပြီ

ဆန်ဖရန်စစ်စကို၊ မတ်၂၅ ။          ။ လွန်ခဲ့တဲ့ ၉၅ နှစ်၊ ၁၉၂၁ ခုနှစ်တုန်းက ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ် ကွန်နက်စ်တိုဂါကို ရှာတွေ့ပြီဖြစ်ကြောင်းနဲ့ နစ်မြုပ်ရတဲ့အကြောင်းအရင်းကိုရှာတွေ့ပြီဖြစ်ကြောင်း အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာစီမံခန့်ခွဲရေးဌာန(NOAA) နဲ့ ရေတပ်တို့က တရားဝင်ကြေညာလိုက်ပါပြီ။

ယူအက်စ်အက်စ်ကွန်နက်စ်တိုဂါဟာ ၁၉၂၁ ခုနှစ်၊ မတ်လ၊ ၂၅ ရက်နေ့မှာ ဂိုးလ်ဒင်းဂိတ်ရေလက်ကြားကနေထွက်ခွာသွား ပြီးတဲ့နောက်မှာ သင်္ဘောအရာရှိတွေနဲ့ အမှုထမ်းစုစုပေါင်း ၅၆ ဦးနဲ့အတူ အစရှာမရအောင် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးစစ်သင်္ဘောက ဖြစ်နိုင်တဲ့အပိုင်းအစတစ်ခုကို ၂၀၀၉ ခုနှစ်မှာတင်စတင်တွေ့ရှိခဲ့ပေမယ့် အတည်မပြုနိုင်ခဲ့ဘဲ လိုအပ်တဲ့စစ်ဆေးရှာဖွေမှုတွေဆက်လက်လုပ်ဆောင်ခဲ့ရာကာ ၂၀၁၄ ခုနှစ်မှာတော့ ၂ နှစ်တာကြာမြင့်မယ့် ရှာဖွေရေး စီမံကိန်းတစ်ရပ်ကို NOAA ကစတင်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို သုတေသနတွေ၊ စစ်ဆေးရှာဖွေမှုတွေ ၂ နှစ်ကြာလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပျောက်ဆုံးအမေရိကန် သင်္ဘောကြီးနစ်မြုပ်တဲ့နေရာနဲ့ နစ်မြုပ်ရတဲ့အကြောင်းရင်းတွေကို တရားဝင်ထုတ်ဖော်ကြေညာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူအက်စ်အက်စ် ကွန်နက်စ်တိုဂါသင်္ဘောဟာ ဟာဝိုင်အီရှိပုလဲဆိပ်ကမ်းကိုသွားဖို့အတွက် ကယ်လီဖိုးနီးယားကနေ ထွက်ခွာသွားရင်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

စစ်သင်္ဘောပျောက်ဆုံးနေကြောင်းကို အချိန်ကြာသည်အထိမည်သူကမျှသတိမထားမိခဲ့ဘဲ ပုလဲဆိပ်ကမ်းကို ဆိုက်ရောက်ရမယ့်နေ့မှာ မရောက်လာတော့မှသာ တာဝန်ရှိသူတွေက သိရှိခဲ့ကြတာပါ။

၂ နှစ်တာစစ်ဆေးရှာဖွေမှုတွေရဲ့ရလဒ်အဖြစ် သင်္ဘောကြီးဟာ ကယ်လီဖိုးနီးယားကနေထွက်ခွာသွားပြီး မိုင် ၃၀ ခန့်ကို အရောက်မှာတင်နစ်မြုပ်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။

လက်ရှိအချိန်မှာသင်္ဘောကြီးဟာ ဖာရာလွန်ကျွန်းအရှေ့တောင်ဘက် ၃ မိုင်အကွာ ရေအောက် ၁၈၉ ပေအနက်မှာ နစ်မြုပ် လျှက်ရှိနေပြီး ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရပါတယ်။

ရာသီဥတုအခြေအနေမှတ်တမ်းတွေအရ သင်္ဘောကြီးနစ်မြုပ်ချိန်တုန်းက ယင်းရေပြင်မှာ လေတိုက်နှုန်းက တစ်နာရီ ၂၃ မိုင်နှုန်းကနေ တစ်နာရီ ၄၀ မိုင်နှုန်းကိုမြင့်တက်သွားခဲ့ပြီး လှိုင်းထန်နေခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required