မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ပြန်ဖွဲ့စည်းမည်

မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ပြန်ဖွဲ့စည်းမည်
ဂေါပက ပြန်လည်ဖွဲ့စည်းရန် စည်းဝေးပြုလုပ်စဉ်။ ဓာတ်ပုံ-တင်ရွှေ မင်းဘူး
 

မင်းဘူး၊ မတ်၂၅ ။              ။ နှစ်စဉ်ဝေဖန်မှုများရှိနေသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပပြီးပါက နဝတခေတ် ကတည်းက အစဉ်အဆက် ခရိုင်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းခဲ့သည့် ဂေါပကအဖွဲ့ကို အရပ်သားများဖြင့်သာ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာညှိ့နှိုင်းရေး ကော်မတီထံမှ သိရှိရသည်၊

တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ပိုင်ခွင့်များကို နီးစပ်သူအားပေးခြင်း၊ အမှန်တကယ်လုပ်ကိုင်သူများက တဆင့်ခံဈေးကြီးပေးဝယ်ကာ လုပ်ကိုင်နေသည်ကိုတွေရကြောင်း၊   ပြဿနာအစမှာ ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် ဂေါပကအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရေးကော်မတီ ဥက္ကဌဦးနေမျိုးကျော်က ပြောသည်။

 " ဂေါပကပြောင်းလဲ ဖွဲ့စည်းရေး ၊ဂေါပက စည်းမျဉ်းအသစ်ရေးဆွဲပြီးစည်းမျဉ်အတိုင်း ဆောင်ရွက်နိင်ရေးအတွက် မတ် ၂၂ ရက်နေ့ နမ္မဒါဧည့်ရိပ်သာမှာ ကော်မတီနဲ့ လက်ရှိဂေါပကအဖွဲ့ရယ်   သောင်ပြင်ဈေးသည်များ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊ လာမယ့်အရပ်သားဂေါပကအဖွဲ့ဖွဲ့ဖို့ အတွက် လက်ရှိဂေါပကအဖွဲ့အပါအဝင် ဈေးသည်တွေ လုပ်ငန်းရှင်တွေအားလုံး သဘောတူကြပါတယ်။ "ဟု ၎င်းက ဆိုသည်။

မန်းရွှေစက်တော်ဘုရားပွဲသည် ဘုရားဖူးများ၊လူစည်းကားသောနေ့များ၌ ဝါးတဲကျောင်းငှားရန်းခများ ကျပ်တစ်သိန်းအထိ အဆမတန် ဈေးများမြင့်တက်ခြင်းနှင့် လုပ်ငန်း၊လေလံ၊တင်ဒါကိစ္စများတွင် ဘုရားဖူးနှင့်ဒေသခံများအကြား နှစ်စဉ် ဝေဖန်မှု အမျိုးမျိုးရှိခဲ့ပြီးနောက် ယင်းကော်မတီကို ဒုတိယအကြိမ်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့တွင် ဘုရားပွဲတော်ကို လေ့လာစောင့်ကြည့်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

" လွတ်လပ်တဲ့ အရပ်သားဂေါပကအဖွဲ့ပြန်ဖွဲ့စည်းပြီး စီးပွားရေးပွဲတော်ကနေ ဘုရားဖူးပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့ မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့အဖြစ်မြင်နိင်ရအောင် ကြိုးပန်းဆောင်ရွက်သွားပါမယ်" ဟု ၎င်းက ပြောသည်။

လက်ရှိမင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး မန်းရွှေစက်တော်ဘုရားဂေါပကဥက္ကဌ ဦးသိန်းဇော်ကလည်း "ကျွန်တော်တို့က ဌာနဆိုင်ရာဝန်ထမ်တွေပါ တာဝန်ပေးထားလို့ တာဝန်ယူထားရတာပါ ၊ဌာနဆိုင်ရာအလုပ်တွေကတဖက်နဲ့ဆိုတော့ လာမယ့်နှစ် ဂေါပကအဖွဲ့မှာ တာဝန်မယူရရင် ဌာနဆိုင်ရာအလုပ်တွေ ပိုတိုးတက်အောင်လုပ်နိင်ပါပြီး ကျွန်တော်တို့ကလဲ အရပ်သားဂေါပက   ဖြစ်စေချင်ပါတယ် " ဟုပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly