အသည်းကြားက မဲတစ်ပြား

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။ ဦးတင်အေးသည် နှစ်ပေါင်း ၄၀ ကျော် စစ်တပ်တွင် တာဝန်အဆင့်ဆင့် ယူခဲ့သူဖြစ်သည်။ အငြိမ်းစားယူခဲ့သည့် နောက်ဆုံးရာထူးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီမှလည်း ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သူ ဖြစ်သည်။

ဦးတင်အေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသော ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တွင် စစ်တပ်မှလာသော ပုဂ္ဂိုလ်များသာ အဓိက တာဝန်ယူထားသည်။ အခြားတစ်ဘက်တွင် ဦးတင်အေး၏ ပါတီဟောင်းဖြစ်သော ပြည်ခိုင်ဖြိုး၏ အဓိက ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးဟောင်းများသာ ဖြစ်သလို ယင်းတို့ကို သံယောဇဉ် ရှိပါသည်ဟု ဦးတင်အေး ကိုယ်တိုင် မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ 

တစ်ဖန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စောစောပိုင်းက အာမခံထားသော လာမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လည်း ဇွန် ၂၅ က ပြည်ထောင်စုလွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့သကဲ့သို့ “စစ်ရေး” နှင့် “ကာကွယ်ရေး” စကားလုံး ဖလှယ်ရုံလောက်သာ ပြင်ဆင်လိုက်နိုင်ရာ ၅၁ သန်းသော ပြည်သူများမှာ စုစုပေါင်း လူဦးရေ၏ တစ်ရာခိုင်နှုန်းပင် မရှိသော လူတန်းစားတစ်ရပ်၏ ဆန္ဒကို မကျော်လွန်နိုင်သလို ဖြစ်နေရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်နိုင်ဘဲ ယင်းအထိုင်ပေါ်မှ ကျင်းပမည့် လွှတ်တော် အရပ်ရပ်ရွေးကောက်ပွဲများသည် လွတ်လပ်ကောင်း လွတ်လပ်မည် ဖြစ်သော်လည်း မည်သို့မျှ မျှတသည့် ရွေးကောက်ပွဲများ မဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံရေး ဝေဖန်သုံးသပ်သူများက အကြိမ်ကြိမ် ပြောဆို ရေးသားခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိနိုင်ငံရေး အခင်းအကျင်းများအရလည်းကောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၏ ပုံသဏ္ဍာန်နှင့် အနှစ်သာရတို့ကြောင့်လည်းကောင်း၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဆိုသည်မှာ သတိကြီးကြီး ထားစရာ ဖြစ်လျက်ရှိသည်။

ထိုသို့အချိန်တွင် ပို၍ စိတ်ပူပန်စရာ ကောင်းသည်မှာ မဲစာရင်းများ မမှန်ကန်မှု ဖြစ်သည်။

ဇွန် ၂၂ က တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထုတ်ပြန်လိုက်သည့် မဲစာရင်းများ၏ မှားချက်သည် အတော်ဆိုးရွားနေသည်။ မဲစာရင်းသွားကြည့်သူများက မဲစာရင်းတွင် ၎င်းတို့ အမည် မပါဝင်မှု၊ အချက်အလက်များ မှားယွင်းနေမှု၊ သေဆုံးသူများ အမည်စာရင်း ပါနေမှုတို့ကို လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရှုတ်ချရေးသားဖော်ပြနေကြသည်။ မဲစာရင်း၌ မဲဆန္ဒရှင်များ၏ အမည်မပါ ရှိမှုတွင် သာမန်ပြည်သူများအပြင် နာမည်ကျော် အနုပညာရှင်များပင် ပါနေလေရာ ပို၍လူသိများလာ ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) က မဲစာရင်းများ စစ်ဆေး၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖြုတ်နိုင်အောင် မဲဆန္ဒရှင်များကို တိုက်တွန်းနှိုးဆော်သည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရသည်။ အာဏာရပါတီ အပါအဝင် ကျန်ပါတီပေါင်း ၈၀ ကျော်က မည်သို့မျှ ထဲထဲဝင်ဝင် မလုပ်ကြသည်ကိုလည်း ထူးခြားစွာ တွေ့မြင်ရပြန်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်တိုင်းက မိမိတို့ ပိုင်ဆိုင်သော အသည်းကြားက မဲတစ်ပြားကို မိမိတို့ကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့်သူများအား လာမည့် ငါးနှစ်တာ သက်တမ်းအတွက် ရွေးချယ်ခွင့် ရလိုသည်ဆိုလျှင် နံပါတ်တစ်နှင့် အရေးအကြီးဆုံးမှာ မဲစာရင်းတွင် မိမိတို့အမည် မှန်ကန်ပြည်စုံစွာ ပါရှိထားရလေအောင် ဆောင်ရွက်ထားကြရမည် ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန်ထပ်ဆောင်းပေးထားသည်။

ရွေးကောက်ပွဲများကို လွတ်လပ်မျှတစွာ ကျင်းပရမည့်ကိစ္စမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် ကော်မရှင် အဆင့်ဆင့်၏ သမိုင်းဖြစ်ပါလိမ့်မည်၊ မည်၍မည်မျှ လွတ်လပ်မျှတကြောင်း ထင်သာမြင်သာ ရှိ/ မရှိကိုလည်း ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာ ပလက်ဖောင်းစုံက ကြိုးပမ်းဆောင်ရွက်ကြပါလိမ့်မည်။ 

နောက်လာမည့် ငါးနှစ် သက်တမ်းအတွက် မိမိတို့ကို ကိုယ်စားပြုကာ ဥပဒေပြုရေး မဏ္ဍိုင်၊ ထိုမှတစ်ဆင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့ကို ဦးစီးဦးဆောင်ပြုမည့်သူများအား ရွေးချယ်နိုင်ရန် အသည်းကြားက မဲတစ်ပြားတိုင်းသည် တန်ဖိုးရှိပါသည်။ ထိုတန်ဖိုးကို အကောင်းဆုံး အသုံးချ တတ်ရန်မှာ မဲဆန္ဒရှင်တိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အသည်းကြားက မဲတစ်ပြားကို အကောင်းဆုံးနှင့် အမှန်ကန်ဆုံး သုံးစွဲကြပါရန် မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags