ဘရက်ဆဲလ်အကြမ်းဖက်မှုအတွက် သံသယရှိသူ ၆ ဦးကို ဘယ်လ်ဂျီယံရဲ ဖမ်းဆီး

ဘရက်ဆဲလ်အကြမ်းဖက်မှုအတွက် သံသယရှိသူ ၆ ဦးကို ဘယ်လ်ဂျီယံရဲ ဖမ်းဆီး

ဘရက်ဆဲလ်၊ မတ်၊ ၂၅ ။            ။ ပြီးခဲ့သည့် အင်္ဂါနေ့ကဖြစ်ပွားခဲ့သော ကြေကွဲဖွယ် ဘရက်ဆဲလ် အကြမ်းဖက်တိုက်ခိုက် မှုများအတွက် သံသယရှိသူ ၆ ဦးကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ဘယ်လ်ဂျီယံနိုင်ငံ၏မြို့တော် ဘရက်ဆဲလ်ရှိ လေဆိပ်နှင့် မြေအောက်ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့ ဗုံးပေါက်ကွဲမှုများကြောင့် ၃၁ ဦးအသက်ဆုံးရှုံးခဲ့ကာ လူပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် သံသယရှိသူ ၆ ဦးကို ရှားဘိခ်ခရိုင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ကြေညာခြင်း မရှိသေးချေ။

တစ်ချိန်တည်းမှာပင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်လည်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သူတစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။

ဘရက်ဆဲလ်အကြမ်းဖက်တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလကဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိထားသည်။

ထို့အတူ အစွန်းရောက်အကြမ်းဖက်အဖွဲ့ IS ကလည်း ဘရက်ဆဲလ်အကြမ်းဖက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။

ရဲတပ်ဖွဲ့ဝင်များသည် ကြာသာပတေးနေ့နှောင်းပိုင်းက ရှားဘိခ်တွင် တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် သံသယရှိသူ ၆ ဦးကိုဖမ်းဆီးမိခဲ့ခြင်းဖြစ်ကာ ရဲများဝင်ရောက်စီးနင်း ရှာဖွေချိန်တွင် ပေါက်ကွဲသံတစ်ခုကြားလိုက်ရသည်ဟု ထိုဒေသတွင်နေထိုင်သူများက ပြောသော်လည်း အကြောင်းရင်းကို လက်ရှိအချိန်ထိမသိရသေးချေ။

လေဆိပ်တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှစ်ခုအတွက် အဓိကသံသယရှိသူကိုဖမ်းမိပြီး ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ အစောပိုင်းတွင် ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင်   ကြေညာချက်ကို   ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

လေဆိပ်တွင်ဖြစ်ပွားခဲ့သောပေါက်ကွဲမှုများတွင် လူ ၃ ဦးပါဝင်ပတ်သတ်ခဲ့ပြီး ယင်းတို့အနက် ၂ ဦးမှာ ညီအစ်ကိုများ ဖြစ်ကြကြောင်း၊ အဆိုပါညီအစ်ကို ၂ ဦးက အစီအစဉ်အတိုင်း အသေခံဗုံးခွဲတိုက်ခိုက်သွားကြသော်လည်း တတိယ မြောက်လူမှာမူ လေဆိပ်အတွင်းဗုံးထောင်ထားခဲ့ကာ ထွက်ပြေးသွားကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ပြောကြား ထားသည်။

ဘရက်ဆဲလ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်အပေါ် ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီးနှင့် တရားရေးဝန်ကြီးတို့က ၎င်းတို့တွင်တာဝန်ရှိသည်ဆိုပြီး ရာထူးမှနှုတ်ထွက်ခွင့်တင်ခဲ့သော်လည်း ဝန်ကြီးချုပ်က နှုတ်ထွက်စာကိုလက်မခံဘဲ ပယ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required