၂၀၂၀ပြည့်နှစ်တွင် အမေရိကန်၌ ဒရုန်းလေယာဉ် ရ သန်းထိ ရှိလာမည်

၂၀၂၀ပြည့်နှစ်တွင် အမေရိကန်၌ ဒရုန်းလေယာဉ် ရ သန်းထိ ရှိလာမည်

ဝါရှင်တန်၊ မတ် ၂၅ ။             ။ ၂၀၂၀ပြည့်နှစ်တွင် အမေရိကန်ကောင်းကင်ယံများ၌ ခန့်မှန်းခြေ ဒရုန်းလေယာဉ် ၇ သန်းခန့် ပျံနေလိမ့်မည်ဖြစ်ပြီး ယင်းပမာဏက ယခုနှစ်ကုန်တွင် ရှိနိုင်သည့် အရေအတွက်ထက် သုံးဆပိုများမည်ဟု ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA)က ပြောသည်။

အပျော်တမ်းဒရုန်းလေယာဉ်အရေအတွက်မှာ ၂၀၁၆တွင် ၁ဒသမ၉သန်းရှိရာမှ ၂၀၂၀ပြည့်နှစ်တွင် ၄ဒသမ၃သန်းထိရှိလာနိုင်သည်။ ထို့အပြင်လုပ်ငန်းသုံးဒရုန်းလေယာဉ်များမှာ ၂၀၁၆တွင် ၆၀၀,၀၀၀ခန့်ရှိရာမှ ၂၀၂၀ပြည့်နှစ်တွင် ၂ဒသမ၇သန်းအထိရှိလာနိုင်သည်ဟု မျှော်လင့်ရသည်။ လူလိုက်ပါခြင်းမရှိသည့် လေယာဉ်စနစ်များမှာ လေကြောင်းကဏ္ဍတွင် အမြန်ဆုံးအရှိန်အဟုန်ဖြင့် တိုးတက်ကြီးထွားလျက်ရှိသည်ဟု အေဂျင်စီ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ၂၀၁၆အကုန်တွင် ဒရုန်းလေယာဉ် ၂ဒသမ၅သန်းကို အသုံးပြုကြလိမ့်မည်ဟု အေဂျင်စီက ခန့်မှန်းထားသည်။

အရပ်ဘက်သုံးဒရုန်းဈေးကွက်မှာ ပေါ်ထွက်သည့်တိုင် အမေရိကန်အစိုးရက ချမှတ်သော စနစ်ကျသည့် စည်းမျဉ်းစည်းကမ်းများနှင့် အနာဂါတ်လုံခြုံရေးပေါ် မူတည်သည်ဟု FAA က ပြောသည်။ လွန်ခဲ့နှစ် ဒီဇင်ဘာလက ၂၅၀ဂရမ်ကျော်ပြီး ၂၅ကီလိုဂရမ်အောက်ရှိ ဒရုန်းသေးများမှတ်ပုံတင်ရန် လိုအပ်သည့် စည်းမျဉ်းများကို FAA ကထုတ်ပြန်ခဲ့သည်။

"ဒီလိုမှတ်ပုံတင်ရတဲ့ စည်းမျဉ်းစည်းကမ်းက စုံစမ်းစစ်ဆေးမှုတွေလုပ်ရာမှာ အထောက်အကူရပါတယ်"ဟု အေဂျင်စီကဆိုသည်။

ဒရုန်းအသုံးပြုမှုနှင့် ပတ်သက်၍ နောက်ဆုံးစည်းမျဉ်းစည်းကမ်းများကို လာမည့်လအနည်းငယ်အတွင်း FAA ကထုတ်ပြန်လိမ့်မည်ဟု သိရသည်။ အေဂျင်စီသည် ဒရုန်းဈေးကွက်ကို ပိုမိုနားလည်စေရန် ဒရုန်းလုပ်ငန်းကျွမ်းကျင်သော Teal Group နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ ဈေးအကြီးဆုံး ဒရုန်းမော်ဒယ်၏ တန်ဘိုးမှာ ဒေါ်လာ ၄၀,၀၀၀အထိပေးရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required