တရုတ်လှေ၊ သင်္ဘော ၁၀၀ ခန့် မလေးရှားရေပိုင်နက်ကို ကျူးကျော်ဟု မလေးရှားဝန်ကြီးပြော

တရုတ်လှေ၊ သင်္ဘော ၁၀၀ ခန့် မလေးရှားရေပိုင်နက်ကို ကျူးကျော်ဟု မလေးရှားဝန်ကြီးပြော

ကွာလာလမ်ပူ၊ မတ် ၂၅ ။              ။ မတ် ၂၄က တရုတ်နိုင်ငံမှတ်ပုံတင်ထားသော လှေ၊ သင်္ဘော ၁၀၀ခန့်သည် တောင်တရုတ်ပင်လယ်ရှိ လူကိုနီးယားသောင်စွယ်များအနီး မလေးရှားရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု မလေးရှားအမျိုးသားလုံခြုံရေးဝန်ကြီး ရှာဟီဒန်ကာဆင်က ပြောသည်။

နိုင်ငံပိုင် ဘာနာမာ သတင်းအေဂျင်စီက ထုတ်ပြန်ချက်အရ အခြေအနေကို စောင့်ကြည့်ရန် အဆိုပါဧရိယာသို့ မလေးရှားရေတပ်နှင့် မလေးရှားပင်လယ်ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီတို့ကို တာဝန်ချထားသည်ဟု ရှာဟီဒန်က ပြောသည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ တောင်တရုတ်ပင်လယ်မှ နှစ်စဉ် ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၅ ထရီလီယံဘိုး ဖြတ်သန်းလျက်ရှိသည်။ တရုတ်၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည်။

အဆိုပါသင်္ဘော၊ လှေများ မလေးရှား၏ သီးသန့်စီးပွားရေးဇုန်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရှာဟီဒန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly