တိုးရစ်ခရီးသွားတွင် ဇီကာပိုးတွေ့၍ ဗီယက်နမ်၌ သတိပေးချက်အဆင့် တိုးမြှင့်

တိုးရစ်ခရီးသွားတွင် ဇီကာပိုးတွေ့၍ ဗီယက်နမ်၌ သတိပေးချက်အဆင့် တိုးမြှင့်

ဟနွိုင်း၊ မတ် ၂၄ ။          ။ ဗီယက်နမ်နိုင်ငံမှ ပြန်သွားသည့် သြစတြေးလျခရီးသွားဧည့်သည်တွင် ဇီကာပိုး တွေ့ရှိသည်ကို ကြားသိ၍ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်အဆင့် တိုးမြှင့်ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုင်ငံတကာကျန်းမာရေးစည်းကြပ်မှုအေဂျင်စီက ဗီယက်နမ်နိုင်ငံမှ ပြန်သွားသည့် သြစတြေးလျဧည့်သည်တစ်ဦး ဇီကာပိုးဖြစ်ပွားသည်ဟု သတင်းပေးလာခြင်းကြောင့် ယခုကဲ့သို့ တိုးမြှင့်သတိပေးချက် ထုတ်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဆေးဝါးဌာနအကြီးအကဲ ပါမောက္ခ ထရန်ဗျူးက မတ် ၂၃ ရက်တွင် ပြောသည်။

အဆိုပါ သြစတြေးလျ ဧည့်သည်မှာ ကိုယ်ခန္ဓာတွင် ရောဂါပိုးကို သယ်ဆောင်နေရလျက်ရှိနေစဉ် အချိန်များအတွင်း ဗီယက်နမ်သို့ အလည်အပတ် လှည့်လည်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထရန်ဗျူးက အတည်ပြုသည်။

ယင်းဧည့်သည်က ဖျားနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ မပြမီ ဗီယက်နမ်နိုင်ငံအတွင်း လှည့်လည်ခဲ့ပြီးနောက် ပြန်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းဧည်သည့်က ဟိုချီမင်း၊ လမ်ဒေါင်း၊ ခန်ဟိုရွာနှင့် ဘင်းတူအန်း မြို့များတွင် လှည့်လည်ခဲ့သည်ဟု ထရန်ဗျူးက ပြောခဲ့သည်။

ယင်းဧည့်သည်ထံမှ တစ်ဆင့် ဗီယက်နမ်နိုင်ငံတွင်းက အခြားသူတစ်ဦးတစ်ယောက်ထံ ရောဂါပိုး ကူးစက်သွားခြင်း ရှိမရှိကို သေချာမသိရသေးပေ။

ယင်းဧည့်သည် သွားရောက်လည်ပတ်ခဲ့ရာ နေရာများသို့ ဇီကာပိုးကာကွယ်တားဆီးရေးများ လုပ်ဆောင်ရန်အတွက် ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများကို စေလွှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly