မင်းဘူးမြို့ စက္ကိန်းတဲဘုရားရေဆိပ်တွင် ကလေးတစ်ဦး ရေနစ်

မင်းဘူးမြို့ စက္ကိန်းတဲဘုရားရေဆိပ်တွင် ကလေးတစ်ဦး ရေနစ်
ဓာတ်ပုံ- တင်ရွှေ(မင်းဘူး)

မင်းဘူး၊ မတ်၂၄။                ။ မင်းဘူးမြို့အမှတ်၁ ရပ်ကွက် စက္ကိန်းတဲရေဆိပ်တွင် ယနေ့ နေလည် ၁နာရီ၅၇မိနစ်ခန့်က ပျော်ဘွယ်မြို့နယ်မှ ဘုရားဖူးလာသော နဝမတန်း ဖြေဆိုထားသည့် ကလေးတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပြီး ညနေ ၅နာရီ အချိန်အထိပြန်ရှာမတွေ့သေးကြောင်း ကလေး၏ ဖခင် ဦးမျိုးဆက်က မဇ္ဈိမ သို့ပြောသည်။

ပျော်ဘွယ်မှ ဆွေမျိုးများဖြင့် ရွှေစက်တော်ဘုရားလာဖူးခြင်းဖြစ်ပြီး အပြန်တွင် မင်းဘူး စက္ကိန်းတဲ ဘုရားဝင်းဖူးခြင်းဖြစ်ကြောင်း၊ နေ့လည်ပိုင်းတွင် အရမ်းပူ၍ စက္ကိန်းတဲရေဆိပ်တွင် ရေဆင်းချိုးရာ ဝဲထဲရောက်ပြီး ပြန်မကူးနိုင်တော့ဘဲ နစ်သွားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ကမ်းစပ်နားချိုးဆိုတော့ သားကအဝေးကြီးမသွားပါဘူးလို့ပြောနေရင်း သူက ဝဲထဲရောက်ပြီး ပြန်မကူးနိင်တော့ဘူး ၊ကျွန်တော် နဲ့ပါတဲ့ တူ၂ယောက်က ဆင်းဆယ်တာမရဘူး ဆယ်တဲ့သူတွေတောင် ပုဆိုးကျွတ်ပါသွားတယ်။ ကျွန်တော့်ရှေ့မှာ ဖြစ်တာဗျာ ပြောမပြနိင်အောင် ဆို့နစ်ခံစားနေရပါတယ်။ သူအမေက ပျော်ဘွယ်မှာကျန်ခဲ့တာ အခုသတင်းရတော့ ဆောက်တည်ရာမရဖြစ်နေပြီ ဒီမှာက သားအလောင်းက ပြန်မရသေးဘူး ၊ဒီကတံငါသည်တွေ ရေကူးကျွမ်းတဲ့သူတွေ ကြိုးစားရှာနေပါတယ် "ဟု၎င်းက ပြောသည်။

ယခုရေနစ်သွားသူမှာ အမည် ကျော်ဇင်ဌေး အသက်၁၅နှစ်၊ အဘဦးမျိုးဆက်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ ရွှေပြည်ရန်လုံ အမှတ်၃အောင်သာရပ်ကွက်မှဖြစ်ပြီး လက်ရှိ နဝမတန်း စာမေပွဲဖြေဆိုထားသော ကျောင်းသားတစ်ဦးဖြစ်ကြောင်းသိရှိရသည်။

ယမန်နေ့ကလည်း ရွှေစက်တော်ဘုရားရှိ မန်းချောင်းတွင် ရေဆင်းချိုးရာမှ လူ ၃ဦးရေနစ်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required