မြန်မာအပါအဝင် အာဆီယံငါးနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ တရုတ်က ချေးရန် ကမ်းလှမ်း

မြန်မာအပါအဝင် အာဆီယံငါးနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ တရုတ်က ချေးရန် ကမ်းလှမ်း

ပေကျင်း၊ မတ် ၂၄ ။        ။ အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် အခြားစီမံကိန်းများအတွက် အရှေ့တောင်အာရှ ငါးနိုင်ငံသို့ ချေးငွေအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံကို တရုတ်နိုင်ငံအနေဖြင့် ချထားပေးမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်က မတ် ၂၃ ရက် ၌ ပြောသည်။

၂၀၁၄ ခုနှစ်က အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကလည်း ဝန်ကြီးချုပ်လီက အရှေ့တောင်အာရှဖွံ့ဖြိုးရေးအတွက် လိုအပ်သော လမ်းတံတား၊ ဆိပ်ကမ်းနှင့် ရထားလမ်းများ တည်ဆောက်ရေး ရန်ပုံငွေအလို့ငှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ချေးငွေချထားပေးရန် ကမ်းလှမ်းခဲ့သည်။

ယခု ချေးငွေကမ်းလှမ်းမှု အသစ်ကို ဝန်ကြီးချုပ်လီက မဲခေါင်မြစ်နိုင်ငံများဖြစ်သည့် အာဆီယံနိုင်ငံ ငါးနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတွင် ကျင်းပသော Mekong-Lancang Cooperation Summit အစည်းအဝေး၌ ဝန်ကြီးချုပ်လီက ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်လီ၏ ကမ်းလှမ်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်၌ ဖော်ပြထားပြီး ဆင်ဟွာသတင်းက ကိုးကားဖော်ပြခဲ့သည်။

သို့သော်လည်း ရန်ပုံငွေချေးငွေ ချထားပေးခြင်းပတ်သက်ပြီး အချိန်သတ်မှတ်ချက်ကိုမူ ဝန်ကြီးချုပ်လီက ပြောကြားသွားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required