“ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ၊ တိုင်းပြည် ကောင်းလာမှာလား”

“ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ၊ တိုင်းပြည် ကောင်းလာမှာလား”

ပြည်ထောင်စု လွှတ်တော် အမတ်တွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူ့ရဲ့ အစိုးရအဖွဲ့သစ် နာမည်စာရင်း တင်သွင်းတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးနာမည်တွေလည်း ပြောင်းလဲ သွားတာ တွေ့ရပါတယ်။ ဒီအထဲမှာ တိုင်းပြည်အတွက် အရေးပါမယ့် ကိစ္စတစ်ခုကတော့ ပြည်ထဲရေး ဝန်ကြီး ပြောင်းလဲသွားခြင်းပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ၅ နှစ်တာ တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနေရာမှာ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြည်ထဲရေးဝန်ကြီး ဖြစ်လာမှာပါ။ ပြောရ ရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာနဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝန်ကြီးဌာန တစ်ခုဖြစ်ခဲ့ပါတယ်။ အခု ဝန်ကြီး အပြောင်းအလဲအောက်မှာ တိုင်းပြည်တွက် ဘာကောင်း ကျိုးတွေ ဖြစ်စေနိုင်သလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီအတွက် ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနကြောင့် ဖြစ်ခဲ့တဲ့ ကောင်းကျိုး ဆိုးပစ်တွေကို အရင် ပြောရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံး ဖြစ်ပျက်ခဲ့တဲ့ ပြဿနာကတော့ ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှုတွေ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေကို ကူးစက်သွားခဲ့တဲ့ ကိစ္စပါ။ အခုလို ဘာသာ၊ လူမျိုး ကွဲပြားရုံနဲ့ အမုန်းတရားတွေဖြစ်၊ အဲဒီကတဆင့် အကြမ်းဖက်မှုတွေဖြစ်၊ လူတွေသေ ကြေ၊ ဒါဏ်ရာရ၊ နေအိမ်တွေ မီးလောင်၊ ဒုက္ခသည်ဘဝ ရောက်ကြရ စတဲ့ ပြဿနာတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် ရုပ်ဆိုး အကျည်းတန်ဆုံး ပြဿနာကြီးတစ်ခုအဖြစ် မှတ်တမ်းဝင် ကျန်ရစ် ပါတယ်။ ဒီ ပြဿနာ ဖြစ်ပွားမှုတွေကို ပြန်ကြည့်ရင် ပထမအဆင့် အမုန်းတရား ဖြန့်ဖြူးမှု၊ ဒုတိယ တဆင့် အကြမ်းဖက်ဖို့ လှုံ့ဆော်မှု၊ တတိယအဆင့် တကယ့်အကြမ်းဖက်မှု စတဲ့ အဆင့်သုံးဆင့် တွေ့မြင်ရမယ် ဖြစ်ပါတယ်။ တကယ်တော့ ဒီအဆင့်သုံးဆင့်စလုံးကို ကာကွယ်ဖို့၊ တားဆီးဖို့၊ အရေး ယူဖို့ အားလုံး ပြည်ထဲရေးဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒီကာလ တလျောက်လုံး ပြည်ထဲရေးဝန်ကြီးဌာန အဲဒီတာဝန် လုံးဝ မကျေပွန်ခဲ့ပါဘူး။ အမုန်းတရား ဖြန့်ဖြူးနေသူတွေကို၊ အကြမ်းဖက်ဖို့ ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ခဲ့သူတွေကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ လျစ်လျူရှုခဲ့ပါတယ်။ တကယ့် အကြမ်းဖက်မှုတွေကို အရေးယူတဲ့ အခါမှာလည်း နှောင့်နှေးတာ၊ တကယ် ကျူးလွန်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူ နိုင်ခြင်း မရှိတာ၊ အရေးယူတော့လည်း မျှတမှုမရှိတာ စတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလို နည်းနဲ့ ဘာသာရေး လူမျိုးရေး အမုန်းပွားမှု ပြဿနာကြီး ဒီကနေ့ထက်ထိတိုင် ရှိနေဆဲဖြစ်ပြီး ဒီကိစ္စ အတွက် တာဝန်အရှိဆုံးသူဟာလည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုလို့ သတ်မှတ်နိုင်ပါ တယ်။

နောက်ပြဿနာကြီးတစ်ခုက ကျောင်းသားတွေ၊ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ကိုင်တွယ်မှုပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရန်ကုန်မှာ လက်ပတ်နီတွေသုံးပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းစေတဲ့ကိစ္စလည်း ပြည်ထဲရေးမှာပဲ အဓိက တာဝန်ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့ပြီး ဒီကနေ့အချိန်ထိ မပြီးပြတ်နိုင်သေးတဲ့ ဆန္ဒပြ ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်းဖက်၊ ရိုက်နှက် ဖြိုခွင်းခဲ့တဲ့ ကိစ္စမှာလည်း ပြည်ထဲရေး လက်အောက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံဟာ အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ ခြုံပြီးပြောရရင် သမ္မတဦးသိန်းစိန် လက်ထက် ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သမျှဟာ အရင် စစ်အာဏာရှင်ခေတ်ကနဲ့ မခြား ဖြစ်ခဲ့တာပါ။ အရင် စစ်အာဏာရှင်ခတ်ကနဲ့ ပိုဆိုးတဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ အကြမ်း ဖက်မှုတွေတောင် ဖြစ်ခဲ့ပါသေးတယ်။

ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေး ဝန်ကြီးဖြစ်ပြီးနောက် အခုလို ကိုင်တွယ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်တွေထဲက ပြုပြင်ပြောင်းလဲရေး သမားတွေကတော့ လုံးဝ မကြိုက်ကြပါဘူး။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးရအောင် ကြိုးစားရင်း ပြည်သူတွေရဲ့ ထောက်ခံမှု သူတို့ တစ်မှတ်၊ တစ်မှတ်ရအောင် မနည်းကြိုးစားထားခဲ့ရ တာ၊ ဗိုလ်ချုပ်ကိုကိုက တစ်မနက်တည်းနဲ့ ဖြုန်းတီးပစ်တယ် ဆိုသည်အထိ ပြောဆိုဖူးပါတယ်။ သြဇာ ကြီးတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း ခေတ်သစ်မှာ ဗိုလ်ချုပ်ကိုကိုဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၆၀ လောက်က အတွေးအခေါ်တွေနဲ့ ပြည်ထဲရေးကို ကိုင်တွယ်ခဲ့တယ်ဆိုပြီး ဝေဖန်ပါတယ်။ သမ္မ တဦးသိန်းစိန် လက်ထက် ဖြေလျော့မှုတွေ လုပ်လာချိန်ကစ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး အဖွဲ့ဆိုတာမှာ ဝန်ကြီးဦးစိုးသိန်း တာဝန်ယူခဲ့ပါတယ်။ သူတာဝန်ယူခဲ့ချိန် နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါးလောက် လွတ်ငြိမ်းခွင့်ပေးနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကိုကို ကို တာဝန်ပေးပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသား တစ်ယောက်တစ် လေကိုမှ ပြန်လွှတ်မပေးတော့တာ ဒီနေ့ အချိန်ထိပါပဲ။

တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပေးကမ်းမှုကြောင့် ၂၀၁၀ မှာ သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ဟာ သူ့အစိုးရအဖွဲ့ဝင်တွေကိုရော၊ တပ်မတော်က ခန့်တယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ဝန်ကြီးတွေ ကိုပါ ကောင်းကောင်း ထိန်းချုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေရချထားပေးသွားတာမို့ ဖြုတ်လို့လဲမရ၊ အနားပေးလို့လည်း မဖြစ်၊ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ခဲ့ရ တာပါ။ ၂၀၁၁ အကူးအပြောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရဲ့ နေရာချထားမှုကို မကျေနပ်တဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေ ရှိခဲ့ကြပါတယ်။ အဲဒီအချိန်က နံပတ် ၃ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ သူ့အောက်က ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ပါ။ ဒုဗိုလ်ချုပ်ကြီး မြင့်အောင်ကတော့ သူ့ကို နေရာချထားပေးမှု မကျေနပ်တော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကလည်း လွှတ်တော်ဥက္ကဋ္ဌလုပ်ရင်း သမ္မတ ဦးသိန်းစိန်ဆီကနေ ပြည်ခိုင်ဖြိုးပါတီကို စည်းရုံး လုယူပါတယ်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုကတော့ ဦးသိန်း စိန် အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးကို နာမည်ပျက်အောင် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် မှုတွေကို လျစ်လျူရှုခဲ့လေသလား၊ ကျောင်းသားတွေကို အကြမ်းပတမ်း အကြမ်းဖက်ခဲ့လေသလား သံသယ ပွားစရာ ရှိနေပါတယ်။

အခု ပြည်ထဲရေးကို တာဝန်ယူမယ့် ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ သူ့အရင် ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနဲ့ ခြားနားမှာကတော့ အသေအခြာပါပဲ။ ခေတ်သစ်မှာ ပြည်ထဲရေးဝန်ကြီး ဌာနကို ခေတ်နဲ့လျော်ညီစွာ ကိုင်တွယ်နိုင်မယ့်သူ ဖြစ်နိုင်တယ်လို့ ယုံကြည် မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly