အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ အချိန်တိုအတွင်းမှာ အောင်မြင်ရန်ခက်ခဲ

အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ အချိန်တိုအတွင်းမှာ အောင်မြင်ရန်ခက်ခဲ
ပဲခူးတိုင်းဒေသအတွင်းရှိ ရော်ထုတ်လုပ်သော အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန်၊ မတ် ၂၃ ။              ။ မြန်မာနိုင်ငံစီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေအနေနဲ့ မျှော်လင့်ချက်နဲ့ ရုန်းကန်နေရတုန်းပါ။ သမ္မတဦးသိန်းစိန်လက်ထက်က   နေစပြီးဒီလုပ်ငန်းတွေထဲမှာ ငွေကြေးအရင်းအနှီးနဲ့နည်းပညာ အကူအညီ တွေရလာနိုင်ဖို့ အားပေးကူညီလာတယ်ဆိုပေမယ့် အချိန်တိုအတွင်းမှာ ရေရှည်အောင်မြင်နိုင်ဖို့ ကခက်ခဲနေတုန်းပါ။ တစ်ဘက်မှာကလည်းအစိုးရအပြောင်းအလဲကြားမှာအသေးစားအလတ်စားလုပ်ငန်းတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလေးထားနိုင်ပါ့မလားဆိုတာ က စိတ်ဝင်စားစရာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးဝေဖြိုး က"အခုတက်လာမယ့် NLD အစိုးရ SMEs လုပ်ငန်းတွေကို ဖွံ့ဖြိုးအောင် လုပ်နိုင်မလားဆိုတော့ လုပ်နိုင်မှာပါ။ ဒါပေမယ့် လုပ်နိုင်ဖို့လို့ အဓိကအကြောင်းအချက်တွေက   ပြည့်စုံမှာရမှာပေါ့နော် ပထမပြောရမယ်ဆိုရင် အရင်ဆိုတုန်း ကလဲ SMEs တွေကအရေးကြီးတယ်လို့ ပြောတာပဲ၊ဒါပေမယ့် ခက်တာကပြောတော့ ပြောတယ် လက်တွေ့လုပ်တဲ့အခါမှာ နည်းနည်း အားနည်းတာလေးတွေ တွေ့ တာပေါ့နော် အဲတော့ အခုတက်လာတဲ့ NLD အစိုးရတကယ်လုပ်ဖို့ပဲလိုတာပေါ့နော် တကယ်လုပ်မယ် ဆိုရင်တော့ ကျတော်တို့ SMEs အဝန်းအဝိုင်းက တက်လာမှာပါ အဲတာတော့ သေချာပါတယ်။" လို့ဆိုပါတယ်။

ပြည်တွင်းအသေးစားအလတ်စားလုပ်ငန်းတွေအနေနဲ့ ငွေကြေး၊နည်းပညာနဲ့ လူ့သားအရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချနိုင်မှသာယှဉ်ပြိုင်နိုင်စွမ်းအားတွေ တက်လာမှာဖြစ်ပါတယ်။

"SMEs တိုးတက်မှု ပိုင်းဆိုင်ရာကိုပြောရမယ်ဆိုရင် နံပါတ်တစ်က Access to Finance ဆိုတာကအရေးကြီးပါတယ်၊ အာဆီယံဒေသတွင်းမှာလည်းဒီတိုင်းပဲ SMEs ဖွံ့ဖြိုးတိုးတက်ဖို့ သူတို့ သတ်မှတ်ထားတဲ့ အချက်တွေထဲမှာလဲပါပါတယ် နောက်ဒုတိယအချက်ကတော့ ကျတော်တို့ နည်းပညာတွေပေါ့နော် နည်းပညာတိုးတက်မှုပိုင်းဆိုင်ရာကိုကျတော်တို့ Technology transfer လုပ်ရင်လုပ် မလုပ်ရင်လည်းTechnologyကိုကျတော်တို့ကအဆင့်မြှင့်အောင် တိုးတက် ကြိုးစားဖို့လိုပါတယ်.တတိယအချက်ကတော့ ကျတော်တို့ကလူ့စွမ်းအားအရင်းမြစ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကနေပြီးတော့ SMEs ဖွံ့ဖြိုးတိုးတက်ဖို့ကိုသူကအရေးကြီးတဲ့နေရာမှာဆောင်ရွက်ပေးနိုင်မယ့် လူ့စွမ်းအားအရင်းမြစ်တွေ ရှိဖို့လိုပါတယ်။အဲ့၃ချက်ကတော့ ဒါ အဓိကအချက်ပေါ့" ဟု SMEsလေ့လာသုံးသပ်သူ ဦးနှင်းဦး ကပြောပါတယ်။

SMEs လုပ်ငန်းတွေမှာဘက်စုံလိုအပ်ချက်တွေ ရှိနေတာကြောင့် ရေရှည်ရပ်တည်ဖို့ကစိန်ခေါ်စရာတွေရှိနေတယ်လို့ ၎င်းက ဆက်ပြီးသုံးသပ်ထားပါတယ်။

တစ်ဘက်မှာကလည်းစွန့်ဦးတီထွင်လုပ်ငန်းတွေကိုမြေတောင်မြှောက်ပေးဖို့ကလည်းလိုအပ်နေပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အသေးစားအလတ်စားဥပေဒကို အတည်ပြုပြဌာန်းနိုင်ခဲ့ပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ နှေးကွေးနေသေးတယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးမိုးမြင့်ကျော်က "SMEs တွေ တကယ်မတိုးတက်နိုင်ခဲ့တာဘာလဲဆိုရင် ထပ်တိုးတိုးတက်ခြင်းတွေ သူတို့လုပ်ကိုင်နိုင်တာကို သေချာဘက်စုံစဉ်းစားပြီးတော့ ကျတော်တို့ကတခုခြင်းဖြေရှင်းသွားနိုင်ဖို့လိုပါတယ်၊ငွေကြေးပံ့ပိုးယုံနဲ့ မရသလိုဒီလုပ်ငန်းတွေ တော့ လုပ်ခွင့်ပေးထားတယ်ဆိုတာနဲ့လဲမလုံလောက်ပါဘူး၊ဒါကိုကျတော်တို့ကစနစ်တကျ ကိုင်တွယ်ဖြေရှင်းပြီး ဝန်ကြီးဋ္ဌာန အချင်းချင်းညှိနှိုင်းရမှာတွေ လဲပါလာသလိုပေါင်းစပ်ရမှာဖြစ်တယ်၊ဒါကြောင့် ကျတော်တို့ကIntegrated Approach လုပ်ဖို့ပြောထားတာပါ ဒီလိုမပေါင်းစပ်ပြီးမလုပ်နိုင်သ၍ ကျတော်တို့ သူတို့တွေရဲ့ ဟာကယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘူး အဲဒါဆိုသူတို့ရပ်တည်ဖို့လဲခဲယဉ်းပါတယ်။" လို့ပြောပါတယ်။

စက်မှုဝန်ကြီးဌာနရဲ့ စာရင်းတွေအရမြန်မာနိုင်ငံမှာအသေးစားအလတ်စားလုပ်ငန်းပေါင်းတစ်သိန်းနှစ်သောင်းကျော်ရှိနေပြီး နိုင်ငံ့စီးပွားရေးရဲ့ ၉၉ ရာခိုင် နှုန်းအထိရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဘဏ်တွေကငွေကြေးအရင်း အနှီးရဖို့ကလည်းလက်ရှိအချိန်အထိအကန့်အသတ်ဖြစ်နေတုန်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required