ရိုဟင်ဂျာဆိုသူများအား မြန်မာအစိုးရ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမရှိဟု အမေရိကန် ပြောပြီ

ရိုဟင်ဂျာဆိုသူများအား မြန်မာအစိုးရ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမရှိဟု အမေရိကန် ပြောပြီ

မြန်မာအစိုးရအနေဖြင့် လူနည်းစု ရိုဟင်ဂျာဆိုသူများအပေါ် ဖိစီးနှိပ်စက်မှုများ ရှိသော်လည်း လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများမူ မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန်းစစ်စစ်ဆေးကာ မတ် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။
 
“ဖိစီးနှိပ်စက်မှုတွေ ရင်ဆိုင်နေရသည်ဆိုခြင်းအတွက်တော့ မေးခွန်းထုတ်စရာမရှိပါ။ ဒါပေမယ့် လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဆိုသည်ဟု ပြောဆိုနိုင်သည့် အဆင့်မရှိပါဘူး။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby သတင်းထောက်များအား ပြောသည်။
 
ရိုက်တာက ရရှိခဲ့သည့် လွှတ်တော်သို့ တင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနအစီရင်ခံစာတွင် ရိုဟင်ဂျာဆိုသူများအား အလွဲသုံးစားပြုမှုခြင်းများအတွက် အမေရိကန်အစိုးရအနေဖြင့် အလွန်စိုးရိမ်ကြောင်း၊ သို့သော် ယုတ်မာရက်စက်ခြင်းများ ကျုးလွန်ခံနေရပါသည်ဆိုခြင်းကမူ မဟုတ်ကြောင်း ဖော်ပြထားသည်။
 
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားသည့် ဘာသာရေးပဋိပက္ခများ ပြီးနောက် နိုင်ငံတကာက ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးများအတွက် တောင်းဆိုခဲ့သည်။ ယင်းပဋိပက္ခများနောက်ပိုင်း ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံခြင်းများကြောင့် ရိုဟင်ဂျာဆိုသူမွတ်စလင်ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။
 
လက်ရှိပြဿနာများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက်တွင် ထိုင်းနှင့် ပြင်ပသို့ ထွက်ပြေးကြသည့် ရွှေ့ပြောင်းသူများဦးရေကို တစ်ဖြည်းဖြည်းလျှော့ချခြင်းများဖြင့် အခြေအနေကောင်းမွန်လာမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က မတ် ၂၁ ရက် ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဧပြီ ၁ ရက်က စကာ အစိုးရအဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။ သို့သော် လူပေါင်း ၁၄၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်သည့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူများ၏ အခြေအနေနှင့် ပတ်သက်ကာ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့က ပြောဆိုမှု နည်းပါးခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။
 
အမေရိကန်လွှတ်တော်က ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအစွန်းရောက်များ၏ ရိုဟင်ဂျာဆိုသူများအပေါ် ရက်စက်ယုတ်မာစွာ ကျုးလွန်မှုများရှိမရှိ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အစိုးရများနှင့် လူအခွင့်အရေးအဖွဲ့အစည်းများနှင့်အတူ တိုင်ပင်ဆွေးနွေးအဖြေရှာရန် တာဝန်ပေးအပ်ခဲ့သည်။
 
ယခုနိုင်ငံခြားရေးဝန်ကြီးဌာန၏ လွှတ်တော်သို့တင်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဆိုသူများအား ခွဲခြားဆက်ဆံဖိစီးနှိပ်စက်မှုများရှိသော်လည်း လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ မရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required