မန်းရွှေစက်တော် ဘုရားပွဲ၌ နမ္မဒါ တည်းခိုဆောင်တွင် အခွင့်ထူးခံ VIP လက်မခံဟုဆို

မန်းရွှေစက်တော် ဘုရားပွဲ၌ နမ္မဒါ တည်းခိုဆောင်တွင် အခွင့်ထူးခံ VIP လက်မခံဟုဆို

မင်းဘူး၊ မတ် ၂၂ ။ ။ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်တွင် ဘုရားဖူးများအားလုံး တည်းခိုရာတွင် တန်းတူအခွင့်အရေးရမည်ဖြစ်ပြီး အခွင့်ထူးခံ VIP များ လုံးဝ လက်မခံနိုင်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးကျော်ကပြောသည်။

မတ်လ ၂၂ရက်က မန်းရွှေစက်တော် နမ္မဒါ တည်းခိုဆောင်တွင် ပြုလုပ်သည့် ရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီအဖွဲ့တို့ တွေ့ဆုံပွဲတွင် ဦးနေမျိုးကျော်က ပြောကြားခြင်း ဖြစ်သည်။ 

ဦးနေမျိုးကျော်က "ကျနော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နာမည်ဆိုးနဲ့ကျော်ကြားနေပါတယ်။ ၁၉၈၈ခုနှစ်နောက်ပိုင်း အာဏာပိုင်
တွေအတွက် စီးပွားရေးပွဲတော်စဖြစ်လာပါတယ်၊ သူတို့ခေတ်ကစပြီး အာဏာရှင်အဆက်ဆက်အထိ ဘုရားပွဲတော်ဟာ ဘုရားဖူးပြည်သူ
တွေအတွက် အစစအရာရာ ဈေးနှုန်းကြီးတဲ့ ပွဲတော်ဖြစ်လာပါတယ်၊ အဲ့ဒီအပြင် ဘုရားဘဏ္ဍာတော်ငွေနဲ့ ဆောက်တဲ့ နမ္မဒါတည်းခိုဆောင်ဟာ အာဏာရှိသူတွေအတွက် VIPတည်းကျောင်းဖြစ်လာပါတယ်၊ ဒီနှစ်လည်း ဘုရားဘဏ္ဍာတော်ငွေ သိန်းရှစ်ရာနဲ့ ဆောက်လုပ်ပါတယ်၊ နမ္မဒါမှာ အခန်းတွေအပြည့်ငှားနေရပေမယ့် ရတဲ့ငွေဟာ အပြည့်အဝမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်ထူးခံ VIPတွေ များနေလိုပါ၊  အခုပွဲတော်
ပြီးဖို့ ရက်၂၀ပဲလိုပါတော့တယ်။ နမ္မဒါတည်းကျောင်းအခန်းငှားခ ရရှိငွေဟာ သိန်း၄၈၀လောက်ပဲရှိပါသေးတယ်၊ ကျန်တဲ့ရက်မှာ ဘုရားဘဏ္ဍာတော်ငွေ သိန်း ၃၂၀လောက်ရမှ မရှုံးမှာပါ။ ဒါကြောင့် ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကို ပြောချင်ပါတယ်။
အများပြည်သူ လှူဒါန်းငွေနဲ့ ဆောက်လုပ်ထားတဲ့ နမ္မဒါမှာ အခွင့်ထူးခံ VIP လူတန်းစားလုံးဝ လက်မခံဖို့ပါ၊ နိင်ငံတော်သမ္မတ ဦး
ထင်ကျော်လာလည်း ပိုက်ဆံပေး တည်းရပါမယ်။ ဘယ်လိုပုဂ္ဂိုလ် ဖြစ်ပါစေ ဒီမှာလာတည်းရင် ငွေပေးတည်းခိုင်းပါ" ဟု အစည်းအဝေး၌ မှာကြားခဲ့သည်။ 

ယင်းအပြင် မန်းရွှေစက်တော် နှင့် ပတ်သက်ပြီး လက်ရှိ ပြဿနာများအားလုံးကို တိုင်းဒေသကြီး လွှတ်တော်တွင်လည်း တင်ပြမည်ဟု ဆိုသည်။ 

မန်းရွှေစက်တော်ဘုရားပွဲတွင် ယခင်က နမ္မဒါတည်ကျောင်းကို VIP တဲကျောင်းဟု ခေါ်ဝေါ်လေ့ရှိပြီး အထက်သောင်တွင် ခြံစည်းရိုးခတ်ထားကာ တစ်ထီးတစ်နန်းထားရှိပြီး အရပ်သားဘုရားဖူးများအနေဖြင့် တည်းခိုခွင့်မရကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly