ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာနလေးခု ပူးတွဲကိုင်မယ်ဆို ဘာတွေလုပ်နိုင်မလဲ

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာနလေးခု ပူးတွဲကိုင်မယ်ဆို ဘာတွေလုပ်နိုင်မလဲ

ဧပြီ ၁ရက်တွင် စတင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးနေရာ ပေးမည်ဟု မတ်လ ၂၂ရက် ပြည်ထောင်စုလွှတ်တော်တွင် ကြေငြာလိုက်သည်။ ထိုနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန သုံး၊လေးခုကို တာဝန်ယူ ကိုယ်တွယ်မည်ဟူသည့် သတင်းများလည်း ထွက်လာသည်။ 

 

၎င်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့ကို တာဝန်ယူမည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် ယင်းအပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ လွှတ်တော်နိုင်ငံရေးသမားများ၏ ထင်မြင်သုံးသပ်ချက်များကို မဇ္ဈိမက မေးမြန်းထားသည်။ 

 

ဦးခင်မောင်ဆွေ _ ဥက္ကဋ္ဌ 

အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ (NDF)

 

ဝန်ကြီးဌာနကို တွဲကိုင်မယ်ဆိုတော့ ဝန်ကြီးတွေအသီးသီး မရှိတော့ဘူးလို့တွေးမိပါတယ်။ တစ်ယောက်တည်းဝန်ကြီးဌာန လေးခုကို ကိုင်မယ်ဆိုတော့ တော်တော်ကြီးကို အလုပ်လုပ်ရလိမ့်မယ်။ အဲ့တာကတော့ သူရွေးချယ်မှုပါ။ ဒီတာဝန်တွေကို မကိုင်နိုင်ဘူးပြောလည်း နှိမ့်ချရာရောက်ပါလိမ့်မယ်။  ကိုင်နိုင်တယ်ပြောရင်လည်း မြှောက်ပြောတယ်ဖြစ်လို့လေ။ တာဝန်ယူနိုင်မနိုင်ကတော့ အချိန်တစ်ခုပေးကြည့်ရဦးမယ့် သဘောမှာရှိတယ်။ နိုင်ငံရေးကတော့ ပြောင်မြောက်အောင်ကိုင်နိုင်လိမ့်မယ်။ သမ္မတရုံးနဲ့ ကျန်တဲ့ဟာတွေ တွဲကိုင်မယ်ဆိုတော့ ကျွန်တော်နားမလည်ဘူး။ မသိဘူးလေ။ လက်ရှိ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လို့ကတော့ အမြဲတမ်း အတွင်းဝန်တွေရှိတယ်လေ။ အဲ့တာနဲ့ပတ်သက်လို့တော့ ကိုင်နိုင်ဖို့ရှိပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဆိုတဲ့ ကိစ္စကတော့ တော်တော့်ကို ရှုပ်တဲ့ကိစ္စတွေလေ။ ခေါင်းစားမယ့်သဘောရှိပါတယ်။ အမေရိကန်လို လက်ထောက်ကောင်းကောင်းတွေရှိမယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ ဒုဝန်ကြီးတွေမရှိဘူးဆိုတော့ ဘယ်လိုပုံစံနဲ့သွားမလဲ ကျွန်တော်တို့လည်း ကောင်းကောင်းမသိပါဘူး။ ကိုင်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ။ 

 

ဦးကျော်ဝင်း _ နိုင်ငံရေးလေ့လာသုံးသပ်သူ

 

အခုလက်ရှိ ပြောရရင်တော့ ဝန်ကြီးဌာနလေးခုကိုင်လိုက်တဲ့အတွက် ပါတီကိုလည်း ဦးဆောင်လို့မရတော့ဘူး။ လွှတ်တော်ကိုလည်း တိုက်ရိုက်ဦးဆောင်လို့မရတော့ဘူး။ အဲ့တော့ အဲ့နှစ်ခုကို စွန့်လွတ်ပြီး အစိုးရအဖွဲ့ကိုပဲကိုင်မယ့်သဘောပေါ့။  ဝန်ထုတ်ဝန်ပိုးဖြစ်လာဆိုတော့ အထူးအထွေတော့ဖြစ်မှာမဟုတ်ပါဘူး။ အစကတည်းက ဝိရီယကောင်းတဲ့သူဆိုတော့။ သိပ်ပြဿနာမရှိပါဘူး။ ပါတီနဲ့လွှတ်တော်က သူ့ဦးဆောင်မှုက ကင်းကွာသွားရင် ပုံမှန်လည်ပတ်နိုင်ပါ့မလား အဲ့တာတော့ စိုးရိမ်ဖို့ကောင်းတယ်။ သူကိုင်မယ့် ဝန်ကြီးဌာနတွေတာ့ မစိုးရိမ်ပါဘူး။ သူကောင်းကောင်းဦးဆောင်နိုင်မှာပါ။ အားနည်းချက်၊ အားသာချက်တော့မပြောချင်ဘူး။ သူလည်းအကောင်းဆုံးကို ရွေးချယ်လုပ်ခဲ့တာပဲ။ ခုနပြောခဲ့သလိုပဲ စိုးရိမ်ရတာတစ်ခုကတော့ ပါတီနဲ့ လွှတ်တော် တိုက်ရိုက်အုပ်ချုပ်မှာမရှိတော့ ဟာကွက်တွေပေါ်လာမှာစိုးတာပါပဲ။ နိုင်ငံတကာမှာလည်းရှိပါတယ်။ အဲ့လောက်အများကြီးယူတာတော့ မတွေ့ဘူးဘူး။ အခုလိုတာဝန်ယူလိုက်တာကိုတော့ အံသြတာပေါ့။

 

ဦးကိုကိုနိုင် (ရမည်းသင်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ပြည်ခိုင်ဖြိုးပါတီ)

 

သူကဝန်ကြီးဌာနလေးခုတာဝန်ယူမယ်ဆိုပြီးတော့ သတင်းတွေထွက်နေတာပေါ့ဗျာ။ ကျတော်လည်းပဲ မှန်နိုင်တယ်တလို့တော့ယူဆတယ်။ သို့သော် မှန်၊ မမှန်ဆိုတာတော့ လွှတ်တော်နာယကဆီကို တင်တဲ့စာမှာပဲသိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မှန်နိုင်တယ်လို့ယူဆချက်ပဲရှိပါတယ်။ အဲ့ဒီလိုမျိုးတာဝန်ယူမယ်ဆိုလည်းပဲ ကောင်းမယ်လို့ပဲမြင်ပါတယ်။ NLD ကိုမဲပေးခဲ့တဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ  ့ခေါင်းဆောင်မှုကို ယုံကြည်တဲ့အတွက် ထောက်ခံအားပေးပြီးတော့ မဲပေးခဲ့ကြတာ သူတို့ရဲ  ့မျှော်လင့်ချက်က ဒီအပြောင်းအလဲလိုချင်တယ် လာမယ့်အစိုးရအဖွဲ  ့ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်စေချင်တယ်။ ဒီလိုဆန္ဒနဲ့မဲပေးခဲ့တာဖြစ်တဲ့အတွက် အခုဟာက သတင်းထွက်နေတဲဌာနလေးခုထဲမှာ သမ္မတရုံးဝန်ကြီးဌာနလို နိုင်ငံခြားရေးဝန်ကြီးဌာနလို ဒီဌာနတွေပါတဲ့အတွက် ဒါသည် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့်အစိုးရအဖွဲ့သစ်မှာ အရေးပါတဲ့အခန်းကဏ္ဍ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်လိုလည်း ပြောလို့ရပါတယ်။ သမ္မတမဟုတ်တဲ့အတွက် အစိုးရအဖွဲ့ အကြီးအကဲတော့မဟုတ်ဘူးပေါ့ဗျာ။ သို့သော်ဦးဆောင်တဲ့ အခန်းကဏ္ဍ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါတာဖြစ်တဲ့အတွက် ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူတွေအနေနဲ့လည်း ဒါကို လိုလားနှစ်ခြိုက်မှာပဲလို့ကျတော်ယူဆပါတယ်။ နောက်တစ်ခုကတော့ သမ္မတရုံးဝန်ကြီးဌာနကို ကိုယ်တွယ်မယ်ဆိုရင် သူကသမ္မတ အိမ်တော်မှာပဲရုံးထိုင်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီနိုင်ငံတော်သမ္မတတို့ဒုတိယသမ္မတို့ဒါတွေနဲ့နီးနီးကပ်ကပ် ထိတွေ့ပေါင်းစပ်ညှိနှိုင်းပြီးတော့ နိုင်ငံ့ရေးရာကိစ္စတွေကို စီမံခန့်ခွဲနိုင်မှာဖြစ်သလို နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး တာဝန်ယူတဲ့အတွက်လည်းပဲ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီတစ်ယောက်အနေနဲ့ကာလုံအစည်းအဝေးတွေမှာ ပါဝင် အရေးကြီးတဲ့ဆွေးနွေးမှုတွေ ဆုံးဖြတ်ချက်တွေ ဒါတွေဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒီလိုရွေးချယ်မှုဟာ သင့်တော်ကောင်းမွန်မယ်လို့ကျတော့ရဲ  ့အမြင်က အဲ့လိုရှိတယ်။ ကျတော့်အမြင်ကတော့ အားနည်းချက်ရယ်လို့မရှိနိုင်ပါဘူး။

 

ဒီဝန်ကြီးဌာနလေးခုကိုင်တယ်ဆိုတာကလည်းပဲ ဒီအစိုးရအဖွဲ့ရဲ  ့သက်တမ်းကာလငါးနှစ်တစ်လျှောက်လုံးမှာ ဒီတိုင်းပဲ တစ်သတ်မှတ်တည်း ကိုင်သွားမယ်လို့လည်း ပြောလို့မရပါဘူး။ အစိုးရအဖွဲ  ့အနေနဲ့အချိန်ကာလတစ်ခု ရောက်တာနဲ့ထပ်ပြီးဝန်ကြီးဌာနတွေကို တိုးချဲ  ့တာသော်လည်းကောင်း၊ ပူးပေါင်းတာသော်လည်းကောင်း၊ တာဝန်ခံမယ့်ဝန်ကြီးတွေအနေနဲ့လည်း လိုအပ်သလို အပြောင်းအလဲတွေရှိနိုင်တာပဲ ဒီသက်တမ်းတစ်ခုအတွင်းမှာ တစ်သတ်မှတ်တည်းသွားမယ်လို့မယူဆပါဘူး။ NLD အစိုးရတက်တဲ့အချိန်မှာ အရေးပါတဲ့ဌာနတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ပူးတွဲပြီးတော့ ကိုယ်တိုင်ကိုင်တာက သိပ်ပြီးတော့ထူခြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်းပဲ သာမာန်ထက်ပိုပြီး ထက်မြက်တဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် သူဒါကို နိုင်နိုင်နင်းနင်းလုပ်နိုင်မယ်လို့မြင်ပါတယ် 

 

ဦးဖေသန်း (မြေပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ)

 

သူကယူနိုင်လို့ယူတာကို။ ဒါပေမဲ့ နိုင်ဖို့လိုတယ်လေ သူယူမယ့်ဝန်ကြီးဌာန ကျွန်တော်တို့ကြားတာကတော့ တကယ့်ကို နိုင်ငံခြားအထောက်အပံ့လမ်းကြောင်းတွေ တည်ရှိနေတဲ့ နေရာတွေလို့ကျတော်တို့တွေ့တယ်။ ဘာပဲပြောပြော အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို သူကိုင်ထားတာပေါ့။ သူကအဲ့ဒီဌာနတွေနဲ့ပက်သက်လို့ ဘယ်လောက်သူ့မှာ အရည်အချင်းရှိတယ်ပေါ့နော် စီမံခန့်ခွဲနိုင်ဖို့ဆိုတဲ့ဟာကို သူကအဲ့ဒါကျတော့ကျတော်တို့က ဒီလိုဝန်ကြီးဌာနသုံးလေးခုကို ကိုင်ပြီးတော့ စီမံခန့်ခွဲနိုင်မယ့် အရည်အချင်း အုပ်ချုပ်နိုင်မယ့်အရည်အချင်းဆိုတာ တော်တန်ရုံလူမှာ မရှိနိုင်ပါဘူး။ သူကနိုင်ငံရေးအတွေ့အကြုံရှိပေမဲ့ အုပ်ချုပ်ရေးအတွေ့အကြုံကတော့ မရှိသလောက်နည်းပါတယ်။ သူ့မှာဘယ်လိုအရည်းချင်းရှိတယ်ဆိုတာ ကျတော်တို့မမြင်နိုင်ဘူးလေ ဝန်ကြီးဌာနတွေကို ဘွတ်ကင် လုပ်ထားတဲ့သဘောမျိုးနဲ့ တစ်ချိန်ချိန်မှာ နောက်ထပ်စိတ်ကြိုက် တွေ့လာတဲ့သူတွေကို တာဝန်ပေးနိုင်အောင် လုပ်ထားသလားပေါ့နော်။ ဘာပဲဖြစ်ဖြစ်ဒါကတော့ ဒီလိုတာဝန်ယူတယ်ဆိုတာ ကမ္ဘာမှာတောင်ရှားပါတယ်။ ဒါကြောင့်ကျတော်တို့ကတော့ စောင့်ကြည့်နေမှာပေါ့ဗျာ သူတစ်ယောက်တည်းအနေနဲ့တော့ ဌာနသုံးလေးခုကို တာဝန်ယူဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ 

 

သူ့အစီအစဉ်ဘယ်လိုရှိလဲဆိုတာကို စောင့်ကြည့်ယုံကလွဲလို့ဘာမှပြောလို့မရသေးဘူးပေါ့နော်။ တိုင်းပြည်ရဲ့ အဓိက ဝန်ကြီးဌာနတွေကို စီမံခန့်ခွဲနိုင်တဲ့အရည်အချင်းရှိလို့လားပေါ့။ သူကနိုင်ငံရေးအတွေ့အကြုံပဲရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဝန်ထမ်း အဖွဲ့အစည်းတွေကို ကြီးကြပ်ဆောင်ရွက်သွားရမယ့် ကိစ္စတွေကို သူအနေနဲ့တော့ ဝန်ကြီးဌာတစ်ခုဆိုရင်တော်ပါသေးတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုရင် ဟုတ်တယ်သူ့အရည်အချင်းနဲ့နီးစပ်တယ်။ ပညာရေးလိုကိစ္စမျိုးကျတော့ သူ့အနေနဲ့တာဝန်ယူလို့သာ ယူထားရတယ်ပေါ့နော်။ ဝန်ထမ်းတွေအကြောင်း ဝန်ထမ်းလောကတွေအကြောင်းကို သူ့ထက်အတွေ  ့အကြုံရှိသူတွေကို တာဝန်ပေးသင့်တာပေါ့နော်။ ပြည့်ပြည့်ဝဝ စီမံခန့်ခွဲဖို့ဆိုတာမလွယ်ဘူး။ သင့်တော်တဲ့ တစ်ချိန်မှာ သူစိတ်ကြိုက်တွေ့တဲ့သူကို လွှဲပေးနိုင်ဖို့အတွက် ကိုင်ထားတယ်လို့ပဲမြင်ပါတယ်။

 

ဦးရဲထွန်း 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း

 

ဝန်ကြီးဌာနလေးခုလုံးကတော့ အရေးကြီးတဲ့ဟာပဲလေ။ ဝန်ကြီးဌာနမှာ ဝန်ကြီးတစ်ယောက်အဖြစ် တာဝန်ယူလိုက်ပြီဆိုတော့ ပါတီဥက္ကဌ ရာထူးကိုတော့ နှုတ်ထွက်ရမယ်။ ပါတီလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခွင့်မရှိဆိုတဲ့အခါကြတော့ ပါတီဥက္ကဋ္ဌ ရာထူးကိုတော့ တစ်ယောက်ယောက်ကို လွှဲရမှာပေါ့လေ။ စိတ်ချရတဲ့အနေအထားရှိလို့ ဒီဘက်က တာဝန်တွေကို ဆောင်ရွက်ချင်လို့ လို့ ယူဆရပါတယ်။ 

 

နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူတာကတော့ ကာလုံမှာပါဖို့အတွက် ပါပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မကြာခဏ တွေ့ဆုံခွင့်ရှိမယ်။ အရေးကြီးတဲ့ ခြေခံဖွဲ့စည်းပုံကိစ္စ၊ ငြိမ်းချမ်းရေးတွေ၊ တိုင်းရင်းသားရေးရာဖြေရှင်းဖို့တွေ အတွက် တပ်မတော်နဲ့ အဆင်ပြေဖို့လိုတယ်။ အဲ့ဒီအတွက် ကာလုံမှာပါဖို့လိုတယ်။ သူ့အနေနဲ့က အင်္ဂလိပ်စာဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တပ်မြောက်ထားတဲ့အတွက် ဒီဥစ္စာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံတယ်။ နောက်တစ်ခုက လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ကျွန်ေတော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ကအရေးပါပါတယ်။ လျှပ်စစ် လုံလုံလောက်လောက် မရှိတဲ့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ထင်သလောက်မလာပါဘူး။ အဲ့တာကိုဖြေရှင်းဖို့အတွက် ဝန်ကြီးဌာနကို တာဝန်ယူချင်ပုံရတယ်။ မြစ်စုံကိစ္စလို တိုင်းပြည်ကိုတိုက်ရိုက်သက်ဆိုင်နိုင်တဲ့ ကိစ္စတွေလည်းပါပါတယ်။ နိုင်ငံရေးနဲ့လည်း နွယ်နေတယ်။ အဲ့တာတွေကို မှန်မှန်ကန်ကန်ဖြေရှင်းဖို့ ဒီကိစ္စကို တာဝန်ယူတယ်လို့ ယူဆရတယ်။ 

 

ပညာရေးမှာကြတော့ ရေရှည်မှာ အာမခံနဲ့ ဒီမိုကရေစီ ဖြစ်လာဖို့ ပညာရေးပြုပြင်ပြောင်းလဲရေးဖြစ်ဖို့လိုအပ်တယ်။ သူကလည်းစိတ်ဝင်စားတယ်။ အများကြီး လွှတ်တော်အတွင်းမှာ ပညာရေးဥပဒေ ပြဌာန်းဖို့ကြိုးစားခဲ့တာရှိတယ်။ ထပ်ပြီးကြိုးစားချင်ပုံရတယ်။ 

သမ္မတရုံးဝန်ကြီးဌာနကတော့ ကျန်တဲ့ဌာနတွေကို သမ္မတကိုယ်စားကွတ်ကဲဖို့ပေါ့။ ဦးလှထွန်းတို့လုပ်သလိုပေါ့။ ကျန်တဲ့ဌာနတွေကို ကွပ်ကဲဖို့ လုပ်ချင်ပုံရတယ်။ ခေါင်းဆောင်သွားလိမ့်မယ်လို့ခန့်မှန်းရပေါ့နော်။ ဘယ်လောက်ပဲတော်တဲ့လူဖြစ်ဖြစ် ကဏ္ဍအားလုံးကို ကျွမ်းကျင်တာမျိုးတော့မရှိဘူးပေါ့။ လူမှန်နေရာမှန် အသုံးပြုနိုင်ဖို့ အရေးကြီးတယ်။ နိုင်ငံခေါင်းဆောင်တော်တော်များများ အရည်အချင်းက လူမှန်နေရာမှန်သုံးနိုင်တာ ခေါင်းဆောင်မှုပေးနိုင်တာ အရေးကြီးတဲ့အချက်ပဲ။ သူက အဲ့လိုလုပ်နိုင်ဖို့လိုအပ်တယ်။ တိုင်းပြည်အပေါ်စေသနာ ထားတဲ့သူတွေ လုပ်ရဲကိုင်ရဲ ပြောဆိုဆွေးနွေးနိုင်သူကို တာဝန်ပေးနိုင်ဖို့လိုတယ်။ လက်ညိုးထောင်ခေါင်းငြိမ့် လူကြီးအကြိုက် လိုက်တဲ့သူကို တာဝန်ပေးမိရင် အမှားတွေကို ရုတ်တရက် ကရုမပြုနိုင်ဘူးပေါ့။ နည်းနည်းအန္တရယ်ကြီးတာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly