အယ်လ်နီညိုကို ကာကွယ်ရန် အညာဒေသတွင် ကြိုတင်ပြင်ဆင်ကြပြီ

အယ်လ်နီညိုကို ကာကွယ်ရန် အညာဒေသတွင် ကြိုတင်ပြင်ဆင်ကြပြီ

မကွေး၊ မတ်လ ၂၂ ။               ။ ယခုနှစ် နွေရာသီ အယ်လ်နီညိုရာသီဥတုကို ကာကွယ်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာများတွင် အညာဒေသထွက် ထန်းရွက်များကို အမိုးအကာပြုလုပ်ပြီး အပူဒဏ်ကို ကာကွယ်နေကြရသည်ဟု မကြီးကန်ကျေးရွာနေ ကိုခင်မောင်သန်းက မဇ္ဈိမကိုပြောသည်။

အိမ်အမိုးအဖြစ် အသုံးပြုသည့် သွပ် နှင့် သက်ကယ်တို့ ဈေးများစွာ ကွာဟမှု မရှိတော့၍ သွပ်မိုးအိမ်များ များပြားလာသော်လည်း အယ်လ်နီညိုရာသီဥတုကြောင့် သွပ်မိုးအိမ်များ အပူဒဏ် မခံနိုင်၍ အိမ်ဘေးတွင် သက်ကယ်အိမ်များ အဖီဆွဲကာ နေနေရသည်ဟုလည်း ၎င်းက ပြောသည်။

"နွေရာသီဆို ကျွန်တော်တို့ကျေးရွာကတော့ အရင်နှစ်တွေကလည်း ထန်းရွက်မိုးထားတဲ့ အရိပ်အောက်မှာ ဖျာခင်းပြီးနေကြတယ်။ သစ်ပင်အရိပ်ကောင်းတဲ့ နေရာတွေမှာလည်း နေကြပြီး ပူဒဏ်ကိုကာကွယ်ကြတယ်။ ဒီနှစ် နွေရာသီမှာလည်း ပူမယ်လို့ ကြားတဲ့အတွက် ထန်းရွက်တွေကို ယခင်နှစ်တွေကထက် အပြန့်ကျယ်ကျယ်မိုးနေကြတာကို ကျေးရွာတွေမှာ တွေ့ရတယ်" ဟု ဦးခင်မောင်သန်းက ပြောသည်။

ထန်းရွက် အရွက် ၅၀ကို ပေ ၂၀ပတ်လည် မိုးနိုင်ပြီး ထန်းရွက်ဈေးမှာ တစ်ရွက်လျှင် ၆၀ကျပ်မှ အပြန့်ကြီးအရွက်ကောင်းလျှင် ၁၀၀ကျပ်ထိ ပေးရကြောင်း ထန်းရွက်ရောင်းသည့် မကြီးကန်ကျေးရွာမှ ကိုပိုက်ထွေးက ပြောသည်။

"ထန်းရွက်တွေကို နှစ်တိုင်းရောင်းနေကြ။ ဒီနှစ်အပူပြင်းတဲ့ အလ်ယ်နီညိုရာသီကြောင့်ဆိုပြီး ထန်းရွက်အမိုးတွေအရင်နှစ်တွေကထက် ပိုမိုးကျတယ်။ အရင်နှစ်တွေကထက်လည်း ပိုရောင်းရတယ်" ဟု ဦးပိုက်ထွေးက ပြောသည်။

ထန်းပင်များအပင်းကြီးထွားရန်အတွက် ထန်းရွက်အောက်လက်များကို တစ်နှစ်တစ်ခါ ရှင်းလင်းပေးရပြီး ယခုလို နွေရာသီတွင် ရှင်းလင်းလေ့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required