စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးမီ သယံဇာတတူးဖော်မှုများနှင့် စီမံကိန်းများ ဆိုင်းငံ့ထားသင့်

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးမီ သယံဇာတတူးဖော်မှုများနှင့် စီမံကိန်းများ ဆိုင်းငံ့ထားသင့်

ရန်ကုန် ၊မတ် ၂၂ ။            ။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် လက်မှတ်မရေးထိုးရမီနှင့် ခိုင်မာအားကောင်းသော ဥပဒေများမပြဌာန်းရသေးမီ တန်ဖိုးကြီးမားသော သဘာဝသယံဇာတ တူးဖော်မှုများကို တရားဝင်ရပ်ဆိုင်းထားသင့်ကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့(Arakan Oil Watch)မှ ဒါရိုက်တာ ဦးကျော်ခိုင်မှ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံရှိ တန်ဖိုးကြီးမားသော သယံဇာတများတူးဖော်ရေးလုပ်ငန်းများ တည်ရှိရာ ပြည်နယ်အများစုသည် နိုင်ငံရေးအရထိလွယ်ရှလွယ်သော အခြေအနေမျိုးဖြင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများလည်း ရှိနေကာ ပဋိပက္ခများလည်း မကြာခဏဖြစ်နေကြဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံတော်အနေဖြင့် စီမံကိန်းများ တိုးချဲ့လက်ခံဆောင်ရွက်နေခြင်းထက် လက်ရှိလုပ်ဆောင်နေသော သယံဇာတတူးဖော်မှုများနှင့် စီမံကိန်းများကို ဆိုင်းငံ့ကာ သယံဇာတခွဲဝေစီမံခြင်းနဲ့ပတ်သက်၍ ရှင်းလင်းပြတ်သားခိုင်မာသော ဥပဒေများရေးဆွဲခြင်းနဲ့ လုပ်ထုံးလုပ်နည်းများ ပြဌာန်းရန် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ၎င်းကထောက်ပြသည်။

ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအပြည့်အဝ လျော့ချထားသော သဘောဝ သယံဇာတ ထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှုတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၇(ခ)တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ၎င်းတို့၏ ရေ၊ မြေ၊ သဘာဝ သယံဇာတ များအပေါ် ထိန်းချုပ်ရန်၊ စီမံခန့်ခွဲရန်အတွက် လိုအပ်သည့် ဥပဒေပြဌာန်းခွင့်ရှိကြောင်း ပြင်ဆင်ရမည် ဖြစ်ပြီး ပြင်ဆင်ရန် အတွက် ပြည့်စုံ ကျယ်ပြန့် တိုးတက်သော နိုင်ငံရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများနှင့် စစ်မှန်သော ပြည်ထောင်စု ဖွဲ့စည်းပုံ လိုအပ်ကြောင်း ၎င်းကဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ တက်လာမည့် အစိုးရသစ်အား ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိင်ရန်နှင့် သဘာဝသယံဇာတများ ထုတ်ယူမှု တင်ပို့ရောင်းချမှုတို့ကြောင့် ဖြစ်ရသော ဆိုးကျိုးသက်ရောက်မှုများမှ ကာ ကွယ်နိုင်ရန် အလို့ငှာ သဘောဝသယံဇာတများ၏ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုတို့အား ပြည်နယ်နှင့် တိုင်းဒေသကြီးများထံ ဖြန့်ခွဲ မျှဝေပေးရဖြစ်ကြောင်း တိုက်တွန်းထားသည်။

၂၀၀၆ ခုနှစ်က ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကာ သီးခြားလွတ်လပ်သော၊ လူထုအခြေပြု အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မြန်မာပြည် တစ်ဝှမ်းရှိ သဘာဝ သယံဇာတ တူးဖေါ်မှုများနှင့် အခြား စီမံကိန်းကြီးများကြောင့် ထိခိုက်နစ်နာပျက်ဆီး ဆုံးရှုံးရသော ပြည်သူလူထု အခွင့်အရေးများ၊ လယ်ယာ သိမ်းဆည်း ခံမြေများ၊ အသက်မွေးဝမ်းကျောင်းများနှင့် သဘာဝ ပတ်ဝန်းကျင်များကို အားမခံချက် ပြည့်ဝစွာ အကာအကွယ်ပေးရေးကို ခိုင်မာသေချာအောင်လုပ်ရန် ဖွဲ့စည်းထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required