ကြည့်ရှုသူများ မှန်းဆတွေးခက်စေရန် ဇာတ်အိမ် တည်ဆောက်ထားသည့် ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည်

ကြည့်ရှုသူများ မှန်းဆတွေးခက်စေရန် ဇာတ်အိမ် တည်ဆောက်ထားသည့် ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည်

ရန်ကုန်၊ မတ်လ ၂၁ ။ ။ Central Base Production မှ စီစဉ်ပြီး လှည့်ကွက်မြှုပ်ကွက်များ ပြည့်နေမည့် ဥပါယ်တံမျဉ် အမည်ရှိ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ္စတီးနားခီမှ မတ်လထဲတွင် စတင် ရိုက်ကူးသွားတော့မည် ဖြစ်သည်။

Central Base Production မှ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည့်အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို မတ်လ ၂၀ရက်တွင် ရန်ကုန်မြို့ ဆူးလေခန်းမ အနီးရှိ City Star Hotel တွင် ကျင်းပခဲ့သည်။

ထို ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီမှ ပုံဖော် ရိုက်ကူးသွားမည် ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ဇဏ်ခီ၊ အကယ်ဒမီ သက်မွန်မြင့်၊ အကယ်ဒမီ မင်းဦး၊ Kaew Korravee၊ အောင်မြင့်မြတ်၊ ခြူးစစ်ဟန် တို့မှ ပါဝင် သရုပ်ဆောင် ကြမည်ဖြစ်သည်။

ဇာတ်လမ်း ပုံစံမှာ အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင် မင်းထက်(ဇဏ်ခီ) တစ်ယောက် ဇင်မာ (သက်မွန်မြင့်) နှင့် အိမ်ထောင်ကျပြီး မိတ်ဆွေသစ်အချို့ ရရှိလာပုံ၊ စီးပွားရေး၊ အိမ်ထောင်ရေးပျက်စီးသွားကာ အကွက်ကျကျလှည့်စားခံရမှုကို သိရှိချိန်တွင် အရာရာနောက်ကျသွားသည့် မင်းထက်။ ဆုံးရှုံးမှုကို အလွယ်တကူ လက်ခံရန် အစီအစဉ်မရှိ၍ စုံထောက် ဦးထိန်ဝင်း နှင့် တွဲပြီး ၎င်းကို အကွက်ကျကျ ခွင်ဆင်သွားသည့် မိတ်ဆွေတုများ၏ မတရားမှုကို ဖော်ထုတ်ရန် ကြိုးစားရင်း မထင်မှတ်ထားသည့် ဘဝ နောက်ကြောင်းတွေ ရှိလာသည့် အခါ ဥပါယ်တံမျဉ် ဆိုသည့် ဇာတ်ကား ဖြစ်လာပါတော့သည်။

ဒါရိုက်တာ ခရစ္စတီးနားခီမှ “ ဇာတ်လမ်း ပုံစံလေးကို မင်းသား ဇဏ်ခီက လာပြတာနဲ့ ဒီဇာတ်လမ်းက ကောင်းတယ်။ မြှုပ်ကွက် လှည့်ကွက် တွေလည်း အများကြီး ပါတဲ့အတွက် ရိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ပြောသည်။

ထို ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးရန် သရုပ်ဆောင် ရွေးချယ်ပွဲကို ၃ရက် ကြာ ပြုလုပ် ခဲ့ပြီး ပါဝင်သည့် သရုပ်ဆောင် အဖွဲ့ကို International Acting Coach Mr. Thierry Bleu ကိုယ်တိုင် Hollywood မှ မင်းသား၊ မင်းသမီးများ အသုံးပြုသော တမူ ထူးခြားသည့် Method Acting နည်းစနစ်ကို ၂ပတ်ကြာ လာရောက် သင်ကြားပေးခဲ့သည်။

ဒါရိုက်တာ ခရစ္စတီးနားခီမှ “ဒီကား အတွက် သရုပ်ဆောင် တွေကို ဇဏ်ခီကတော့ မုဒြာခေါ်သံ တစ်ကားလုံးမှာ သူနဲ့ အလုပ်လုပ်ရတာ အဆင်ပြေတယ်။ အိုက်တင်လည်းနိုင်တဲ့အတွက် ရွေးတယ်။ မသက်မွန်ကိုတော့ သူ့နောက်ဆုံး ထွက်ထားတဲ့ ကားလေး ကြည့်ဖြစ်တယ်။ ပြီးတော့ သူ့သက်တမ်း တစ်လျှောက်မှာ အလုပ်လုပ်တာရယ် ပြီးတော့မှ အမတို့ စကားပြောဖြစ်တယ်။ သူကလည်း ဒါရိုက်တာ ဖြစ်ချင် တာကို လိုက်လုပ်ပေးနိုင်တဲ့ ဝါရင့်သရုပ်ဆောင် ဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကို မပြိုင်ခိုင်းတော့ဘဲ တစ်ခါတည်း ရွေးလိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ Open Audition ခေါ်လိုက်တယ်။ ဒီကားမှာ ဒုတိယ မင်းသမီး တစ်ယောက်ကို ရွေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့တဲ့ အတွက် ထိုင်းမင်းသမီးလေး Kaew Korravee ကို စဉ်းစားလိုက်တယ်။ ကျန်တဲ့သူတွေကတော့ လာပြိုင်တဲ့သူတွေထဲက ရွေးလိုက်တာပါ” ဟု ပြောသည်။

ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကြီးကို ရန်ကုန်၊ ကလော၊ ငပလီ စသည့် နေရာများတွင် ရိုက်ကူးသွားမည် ဖြစ်ပြီး ၂လကြာ ပုံဖော်ရိုက်ကူးမည် ဖြစ်ကာ မတ်လထဲတွင် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

ထို ရုပ်ရှင် ဇာတ်ကားကြီးကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly