ပြုပြင်ပြောင်းလဲမှုများမလုပ်ဆောင်ပါက ဗီယက်နမ်စီးပွားရေး အန္တရာယ်ကျရောက်နိုင်ဟု IMF သတိပေး

ပြုပြင်ပြောင်းလဲမှုများမလုပ်ဆောင်ပါက ဗီယက်နမ်စီးပွားရေး အန္တရာယ်ကျရောက်နိုင်ဟု IMF သတိပေး

ဟိုချီမင်း၊ မတ်၊ ၂၁ ။           ။ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပြုပြင်ပြောင်းလဲမှုများ အချိန်မီမလုပ်ဆောင်ပါက အန္တရာယ်ကျရောက်နိုင် သည့် အခြေအနေတွင်ရှိနေကြောင်း   နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF ) ကသတိပေးပြောကြားလိုက်သည်။

ဘဏ်စနစ်နှင့် နိုင်ငံပိုင်လုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းတို့တွင် ပြုပြင်ပြောင်းလဲမှုများမလုပ်ဆောင်ပါက ဗီယက်နမ်၏ စီးပွားရေးသည် ပြင်ပမှလာသည့် ထိခိုက်မှုများနှင့်သက်ရောက်မှုများ၏ ဒဏ်ကို မခံနိုင်လောက်အောင် အားနည်းသွားလိမ့်မည်ဖြစ်ကြောင်း IMF အကြီးအကဲ ခရစ္စတင်းလာဂတ်ဒီ ကပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၏ အခြေအနေသည် အခြားကမ္ဘာ့နိုင်ငံတစ်ခုခုက ငွေကြေးမူဝါဒတင်းကျပ်လိုက်ခြင်း၊ ကုန်စည်ဈေးနှုန်းများ ကာလရှည်ဆိုးဆိုးရွားရွားကျဆင်းခြင်း နှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးခြင်း ဒဏ်တို့ကို ရင်ဆိုင်ရပါက ခံနိုင်ရည်ရှိသည့် အခြေအနေတွင် မရှိဘဲ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ထားရန် လိုအပ်လျှက်ရှိသည်ဟု ဟိုချီမင်းတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ခရစ္စတင်းလာဂတ်ဒီက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံသည် တံခါးဖွင့်စီးပွားရေးစနစ်စတင်ကျင့်သုံးပြီးနောက်တွင် စီးပွားရေးဖွံ့ဖြိုးလာခဲ့သလို ဆင်းရဲနွမ်းပါးမှုကို လည်း လျှော့ချလာနိုင်ခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ၁၉၉၃ ခုနှစ်က ဆင်းရဲနွမ်းပါးမှု ၆၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး စီးပွားရေးမှာလည်း နှစ်စဉ်မှန်မှန်တိုးတက်လျှက်ရှိနေသည်။

သို့ရာတွင်ပြီးခဲ့သောနှစ်ပိုင်းများအတွင်းတွင် တိုင်းပြည်စီးပွားရေးတိုးတက်မှုမှာ နှေးကွေးလာခဲ့သလို တစ်ဦးချင်းဝင်ငွေ တိုးတက်မှုမှာလည်း ရောက်ရှိသင့်သည့်အဆင့်ထိရောက်ရှိလာခဲ့ခြင်းမရှိကြောင်း ခရစ္စတင်းလာဂတ်ဒီက ဗီယက်နမ် အာဏာပိုင်များတွင် တွေ့ဆုံရာတွင် သတိပေးပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ၏ စီးပွားရေးအခြေအနေကြောင့် မိမိတိုင်းပြည်အပေါ်သက်ရောက်မှုများကို လျှော့ချနိုင်ရန် ငွေလဲနှုန်းကို လိုက်လျောညီထွေရှိသော   ငွေလဲနှုန်းစနစ်ဖြစ်အောင်ပြောင်းလဲရန်၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်၊ ဘဏ်များရှိအကြွေးဆုံးများကို ဖြေရှင်းရန် အပါအဝင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်များကိုလည်း မစ္စလာဂတ်ဒီက အကြံပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly