ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပေါက်ကွဲမှုဖြစ် လေးဦးသေ ဆယ်ဦးဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပေါက်ကွဲမှုဖြစ် လေးဦးသေ ဆယ်ဦးဒဏ်ရာရ

ဟနွိုင်း၊ မတ် ၂၁ ။            ။ မတ် ၁၉ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ့အနည်းဆုံးလူ လေးဦးသေဆုံးခဲ့ပြီး အခြား ၁၀ဦးဒဏ်ရာရရှိခဲ့သည်။   သေဆုံးသူများတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ရှစ်နှစ်အရွယ် သမီးလေးတစ်ဦးပါဝင်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် တိုက်ခန်း ၃၆ ခန်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး အခြား ၉၅ ခန်းလည်း အနည်းငယ်ပျက်စီးခဲ့သည်။ ပေါက်ကွဲမှုကြောင့် ၄ စတုရန်းမီတာရှိ ချိုင့်ကြီးဖြစ်သွားခဲ့သည်။ ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲမှုဖြစ်သည်ဟု သံသယရှိကြောင်း အခင်းဖြစ်နေရာမှ မျက်မြင့်သက်သေများက ပြောသည်။

ဗုံးတစ်လုံးပြုလုပ်ရာတွင် အသုံးပြုနိုင်သည်ဟု ယူဆရသည့် သတ္တုအပိုင်းအစများကို ရဲတပ်ဖွဲ့က စုဆောင်းခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြစ်မှုစုံစမ်းစစ်ဆေးရေးဋ္ဌာနအကြီးအကဲ ဗိုလ်မှူးကြီး ဒေါင်ဗန်ဂီယက်က ပြောသည်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာနမှ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဗုံးလုပ်ရာတွင် အသုံးပြုသော ယမ်းမှုန့်များကြောင့် ဖြစ်သည်ဆိုသည်။

လူနေရပ်ကွက် အမှတ် ၁၅-တီတီ ၁၉ရှိ ပထမထပ်ကို ငှားနေခဲ့သူ အသက် ၄၁ နှစ်အရွယ် ဖမ်ဗန်ကောင်ဆိုသူကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းသည် နမ်ဒင်ပြည်နယ် နမ်ဟန်ကျေးရွာမှ ဖြစ်သည်ဆိုသည်။ သေဆုံးသူများတွင် ကောင်လည်းပါသွားသည်။ စနေနေ့ နေ့လည် ၃နာရီ ၁၀မိနစ်က ကောင်သည် ၎င်း၏ ပစ္စည်းဟောင်းရောင်းသည့် ဆိုင်ရှေ့တွင် အောက်ဆီဂျင်ဆလင်ဒါအိုးကဲ့သို့အရာကို ရောင်းချရန် ဖြတ်တောက်ခဲ့သည်။ ဆလင်ဒါ၏ အချင်းမှာ ၄၅ စင်တီမီတာခန့်ရှိပြီး အလျားမှာ ၈၀ စင်တီမီတာရှိကာ အလေးချိန်မှာ ကီလိုဂရမ် ၁၀၀ ကျော်ရှိသည်။

သက်ဆိုင်ရာအေဂျင်စီများက သေဆုံးသည့် မိသားစုတစ်စုလျင် ဗီယက်နမ်ဒေါင် ၅ သန်း၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသည့် မိသားစုတစ်စုလျင် ဗီယက်နမ်ဒေါင် ၃သန်းနှင့် သာမန်ဒဏ်ရာရရှိသည့် မိသားစုတစ်စုလျင် ဗီယက်နမ်ဒေါင် ၂ သန်းစီ ငွေကြေးထောက်ပံ့ရန် မြို့တော် ပြည်သူ့ကော်မတီဥက္ကဋ္ဌ ငုယင်ဇပ်ချန်က ညွှန်ကြားခဲ့သည်။

တိုက်ခန်းပျက်စီးခဲ့သည့် ပြည်သူများအတွက် ယာယီနေရာထိုင်ခင်းများ စီစဉ်ပေးရန်လည်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly