ပန်းရဲ့လမ်းဂီတ အဖွဲ့မှ ဦးရဲလွင် နှလုံးသွေးကြောကျဉ်း ရောဂါ အတွက် ဆေးကုသမှု ခံယူနေရ

ပန်းရဲ့လမ်းဂီတ အဖွဲ့မှ ဦးရဲလွင် နှလုံးသွေးကြောကျဉ်း ရောဂါ အတွက် ဆေးကုသမှု ခံယူနေရ

ရန်ကုန် ၊ ဇွန် ၃၀ ။       ။ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတ အဖွဲ့မှ အဆိုတော် ဦးရဲလွင်(မဇ္ဈိမလှိုင်း)သည် ဇွန်လ ၂၇ ရက်တွင် အတက်ရောဂါဖြင့်  Green Cross ဆေးရုံ သို့ တင်ပြီးနောက် ဆေးစစ်ကြည့်ရာ၌ နှလုံး သွေးကြောကျဉ်း ရောဂါ တွေ့ရှိသည့် အတွက် ဆရာဝန်က ဆေးရုံတွင် ရက် အနည်းငယ် ထပ်မံ  အနားယူခိုင်း ထားကြောင်း ပန်းရဲ့လမ်း အဖွဲ့မှ ကိုသားထွေးက မဇ္ဈိမကို ပြောသည်။

ဦးရဲလွင်သည် မှော်ဘီ ရှိ ရွှေညဝါ ဆရာတော် ကျောင်းတွင် သွားရောက် တရားထိုင် ရာမှ အတက် ရောဂါ ဖြစ်လာ၍ အိမ်သို့ ပြန် လည်ခေါ်ခဲ့ပြီး အိမ်ရောက်သည့် အခါတွင် အဆိုပါရောဂါမှာ ပိုဆိုးလာသည့်အတွက် Green Cross ဆေးရုံ သို့တင်လိုက်ခြင်းဖြစ် သည်။

ကိုသားထွေးက "နဂိုကတည်းက တက်တဲ့ ရောဂါက ရှိတယ်။ ဒါပေမယ့် အခု တစ်ခေါက်က ပိုဆိုး လာတဲ့ အတွက် ပြနေကျ Green Cross ဆေးရုံ တင်လိုက်တဲ့ အခါ ဆေးစာအုပ် မရှိတော့တဲ့ အတွက် အစအဆုံး ပြန်စစ်တဲ့အခါ ဆရာဝန် က နှလုံး သွေးကြောကျဉ်းတဲ့ ရောဂါ တွေ့တယ် ဆေးလိပ်သောက်တာလည်း များတဲ့ အတွက် အနားယူခိုင်းတယ်။

ဆေးရုံမှာ ၃ရက်လောက်တော့ စောင့်ကြည့်မယ် ပြောတယ် အခုတော့ သက်သာပါတယ်။ အစားလည်း စားနိုင်တယ်။ အသက်ရှူ တဲ့ အချိန်တော့ နည်းနည်း မောနေသးတယ်" ဟု ပြောသည်။

ပန်းရဲ့လမ်းအဖွဲ့သည် မြို့ကြီးများသို့ လှည့်လည်ကာ၊ တေးသီချင်းများ ဖျော်ဖြေခြင်းဖြင့် ရံပုံငွေရှာပြီး ငြိမ်းချမ်းရေး နှင့် ပညာရေးတို့ အတွက် ကူညီနေသည့် အဖွဲ့အစည်း ဖြစ်ကာ ဦးရဲလွင်(မဇ္ဈိမလှိုင်း) ဦးဆောင်၍ ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

၎င်းအဖွဲ့သည် လက်ရှိတွင် မဲစာရင်းကြည့်ရန် လှုံ့ဆော်ရေး အတွက် စမ်းချောင်းတွင် ဖျော်ဖြေလျက် ရှိပြီး ဦးရဲလွင်(မဇ္ဈိမလှိုင်း) ကို လတ်တလော အနားယူခိုင်း မည် ဖြစ်ကာ  အရေးကြီးသည့် ပွဲများတွင်မှ ပါဝင် စေမည်ဟုလည်း ကိုသားထွေးက ဆိုသည်။

ဦးရဲလွင်၏ ဆေးကုသမှု အတွက် ရင်းနှီးသည့် မိတ်ဆွေများက သွားရောက် ကူညီ ကြသလို နာ ရေး ကူ ညီ ရေး အသင်း ရန် ကုန် မှ မိတ် ဆွေ များ ကလည်း ဦးရဲလွင်ကို သွားရောက် တွေ့ဆုံကာ အလှူငွေ ကျပ် သုံးသိန်း ပေးအပ် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required