အီရတ်ရှိ အမေရိကန်စစ်စခန်းကို IS ကဒုံးကျည်ဖြင့်ပစ်ခတ်၊ မရိန်းတပ်သားတစ်ဦး သေဆုံး

အီရတ်ရှိ အမေရိကန်စစ်စခန်းကို IS ကဒုံးကျည်ဖြင့်ပစ်ခတ်၊ မရိန်းတပ်သားတစ်ဦး သေဆုံး

ဘဂ္ဂဒက်၊ မတ်၊ ၂၀ ။         ။ အီရတ်နိုင်ငံမြောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို IS အကြမ်းဖက်အဖွဲ့က ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် အမေရိကန်မရိန်းတပ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးသွားခဲ့သည်။

အီရတ်နိုင်ငံမြောက်ပိုင်း၊ မက်ခ်မာမြို့အနီးရှိစစ်စခန်းတစ်ခုကို IS အဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မရိန်းတပ်သားတစ်ဦး ကျဆုံးသွားသည့်သတင်းကို ပင်တဂွန်က စနေနေ့တွင် အတည်ပြုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဒုံးကျည်ဖြင့်ပစ်ခတ်ခံရမှုကြောင့် မရိန်းတပ်သားအချို့လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပင်တဂွန်က ပြောကြား သော်လည်း မရိန်းတပ်သားဘယ်နှစ်ယောက် ဒဏ်ရာရရှိသည်ဆိုသည်နှင့် ဒဏ်ရာအခြေအနေ အပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

သို့သော် ကျဆုံးသွားသည့် မရိန်းတပ်သားနှင့်ပတ်သတ်သော အချက်အလက်များကိုတော့ မကြာမီထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပင်တဂွန်၏ သတင်းထုတ်ပြန်မှုပိုင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ပီတာကွတ်ခ်က ပြောကြားသည်။

ယခုတိုက်ခိုက်ခံခဲ့ရသော စစ်စခန်းသည် အမေရိကန်ဦးဆောင်သောမဟာမိတ်တပ်များက ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းရှိ IS အကြမ်းဖက်စခန်းများကို ထိုးစစ်ဆင်ရာတွင် အကြံဉာဏ်များ၊ ထောက်ပံ့မှုများပေးနေသည့် စစ်စခန်းတစ်ခုဖြစ်သည်။

အီရတ်တွင် အမေရိကန်စစ်မှုထမ်းတစ်ဦးနောက်ဆုံးကျဆုံးခဲ့သည်မှာ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပြီး ဓါးစာခံများကိုကယ်ဆယ်သည့် စစ်ဆင်ရေးတစ်ခုအတွင်းကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျဆုံးခဲ့သူမှာ တပ်ကြပ်ကြီး ဂျိုရှုဝါ၊ အယ်လ်၊ ဝှီးလား ဆိုသူဖြစ်ပြီး ထိုစဉ်က ဝှီးလားသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာနောက်ပိုင်းတွင် အီရတ်စစ်မြေပြင်၌ ကျဆုံးသည့် ပထမဆုံးအမေရိကန်စစ်မှုထမ်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required