ဂေါက်ထမ်းသမားဘဝမှ မြန်မာ့ဂေါက်ရိုက်အားကစားသမားများ ဖြစ်လာခဲ့သူတို့ရဲ့ အိပ်မက်

ဂေါက်ထမ်းသမားဘဝမှ မြန်မာ့ဂေါက်ရိုက်အားကစားသမားများ ဖြစ်လာခဲ့သူတို့ရဲ့ အိပ်မက်

ဆယ်နှစ်သားအရွယ်ကတည်းက ဘဝကြမ်းကြမ်းကို ရင်ဆိုင်ခဲ့ရသူ အောင်ဝင်းက ကိုယ့်ဝမ်းစာအတွက် ဂေါက်ကွင်းမှာ ဂေါက်သီးကောက်ပြီး ပိုက်ဆံရှာခဲ့ရသူပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်ရာထူး အပွင့်အခက်တွေနဲ့ လူကုံထံအသိုင်းအဝန်းအတွက်ပဲ ဖြစ်နေတဲ့ ဂေါက်သီးရိုက်အားကစားနဲ့ ပတ်သက်ပြီး အောင်ဝင်းအတွက် ပညာရှင်ဆန်ဆန် ကစားသမားဖြစ်လာမှာ၊ နိုင်ငံဂုဏ်ကို ဆောင်ပေးနိုင်မှာဆိုတဲ့ အတွေးက ဘယ်တုန်းကမှ မတွေးခဲ့ဘူးသူပါ။

လက်ရှိမှာ ကိုတပ်ခေါ်ရမယ့် အသက် ၃၅ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကိုအောင်ဝင်းက ဖေဖော်ဝါရီလက ပြုလုပ်တဲ့ Leopalace 21 Myanmar Open ဂေါက်ရိုက်ပြိုင်ပွဲမှာ အမှတ်အများဆုံးရိုက်နိုင်ပြီး ဆုကြေးဒေါ်လာအတော်အသင့်ရကာ ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ပါပြီ။

စစ်အုပ်ချုပ်ရေးအောက်မှာ မပွင့်လန်းခဲ့တဲ့ ဂေါက်သီးအားကစား ပြန်လည် ထွန်းလင်းလာဖို့အတွက် နိုင်ငံရဲ့ ဆုကြေးအများဆုံး ဒေါ်လာ ခုနစ်သိန်းခွဲချီးမြှင့်မယ့် တံခွန်စိုက်ပြိုင်ပွဲ Asian Tour ကိုလည်း ကျင်းပဖို့ ရှိပါတယ်။

ကဘေးဘဝကတည်းက ဂေါက်ရိုက်အားကစားမှာ ပျော်ဝင်ခဲ့တဲ့ ဆင်းရဲတဲ့ ဂေါက်အိတ်ထမ်းသမားဘဝမှ ကြေးစားဂေါက်ရိုက်အားကစားသမားဖြစ်လာတဲ့ ကိုအောင်ဝင်းက အိမ်ရှင်အားကစားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဂေါက်ကယ်ဒီသမားဘဝမှာ ကိုအောင်ဝင်းဟာ တစ်နေ့ အမေရိကန်ဒေါ်လာ ဆင့် ငါး ဆင့်လောက်သာ ဝင်ငွေရှိခဲ့သူပါ။ သူကယ်ဒီလုပ်ခဲ့ရတဲ့ မိဘနှစ်ပါး အလုပ်လုပ်ကိုင်ရာ မုံရွာမြို့က ဂေါက်ကွင်းကနေ စခဲ့ရတာဖြစ်ပါတယ်။

ပြည်တွင်း ဂေါက်သီးအားကစားသမားတွေအတွက် ထမင်းချက်ပြုတ်ပေးရတာ၊ သန့်ရှင်းရေးလုပ်ပေးရတာတွေ စလုပ်ခဲ့ရပြီး ဂေါက်ရိုက်အားကစားကို ဆည်းပူးခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်လောက် လုပ်ကိုင်ဖြတ်သန်းခဲ့ပြီးနောက်မှာ ရန်ကုန်ကို တက်လာခဲ့တာပဲဖြစ်ပါတယ်။

"ရန်ကုန်စရောက်စ ကာလတွေမှာ တစ်ခါတစ်ခါ ကျွန်တော်မှာ ဘာမှ မစားရတဲ့ ရက်တွေတောင် ရှိခဲ့တယ်။"ဟု ရန်ကုန်ဂေါက်ကလပ်မှာ လူငယ်ကစားသမားတွေကို သင်ပြပေးနေရပြီဖြစ်တဲ့ ကိုအောင်ဝင်းက အေအက်ဖ်ပီသို့ ပြောပါတယ်။

ဂေါက်အထမ်းသမားဘဝကနေ ဂေါက်သီးကစားသမားအကျော်အမော်ဖြစ်လာခဲ့တာ ကမ္ဘာမှာလည်း မှတ်တမ်းထိုးနိုင်သူတွေရှိပါတယ်။ အမေရိကန်က လယ်သမားသားဖြစ်တဲ့ Byron Nelson နဲ့ ပန်းပဲဆရာသား Ben Hogan တို့ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးက ၁၉၄၀ ခုနှစ်တွေ ဂေါက်သီးအားကစားသမားအဖြစ် အကြီးအကျယ်အောင်မြင်မှုတွေ မရခင်တုန်းက ဂေါက်ထမ်းသမားတွေပါပဲ။

မြန်မာနိုင်ငံအတွက် ဂေါက်ရိုက်တာနဲ့ပတ်သက်ပြီး လူချမ်းသာရေပေါ်ဆီများအတွက် သီးသန့်လိုဖြစ်နေပြီး ၎င်းတို့က ဂေါက်သီးအားကစားကို ပရိုဖက်ရှင်ကျကျ ကစားဖို့ အနည်းငယ်သာ စိတ်ဝင်စားကြတာပါ။ ဂေါက်ကွင်းများမှာလည်း ယင်းလူမလိုင်အသိုင်းအဝန်းနဲ့ ဂေါက်အိတ်ထမ်းသူတွေသာ ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဂေါက်သီးသမား ဆယ်ဦးမှာ ရှစ်ဦးက အရင်ဂေါက်အိတ်အထမ်းသမားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဘဝတူများချင်း မျှဝေမှုနဲ့ စည်းလုံးမှု ရှိနေပါတယ်။

"ကစားပွဲမှာတော့ ကျွန်တော်တို့က အချင်းချင်း အနိုင်ရိုက်ကြတာပဲ။ ဒါပေမယ့် ဂေါက်ကွင်းအပြင်ရောက်သွားရင် ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပဲ။ အခက်အခဲတွေကို ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြတာပါ။"ဟု ကိုအောင်ဝင်းက ပြောသည်။

မြန်မာဂေါက်ရိုက်အသင်း နည်းပြချုပ် ဦးကိုကိုလေးက နိုင်ငံက ဂေါက်သီးအားကစားသမားအားလုံးနီးပါးက ဂေါက်အိတ်ထမ်းသမားဟောင်းတွေပဲဖြစ်တယ် ပြောပါတယ်။

နှစ်ငါးဆယ်ကျော်ကြာ ဂေါက်ရိုက်နည်းပြသင်ကြားလာခဲ့သူ ယခု အသက် ၈၀ ရှိနေပြီဖြစ်တဲ့ ဦးကိုကိုလေးက "အားကစားတိုင်းပဲ အသက်ငယ်ငယ်ကစပြီး သင်ဖို့လိုတယ်။ ဂေါက်ရိုက်အားကစားလည်း အတူတူပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ကလေးတွေကို စနစ်ကျကျ ဂေါက်ရိုက်သင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိမထားဘူး။"ဟု ပြောသည်။

ဂေါက်ရိုက်အားကစားက ဗြိတိသျှကိုလိုနီပြုမှုနဲ့အတူ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သင်ပြပုံနည်းစနစ်များက ရာစုနှစ်ကျော် ခေတ်နောက်ကျနေတာဖြစ်ပါတယ်။

အပူပိုင်းရာသီဥတုနဲ့ စစ်အုပ်ချုပ်ရေးအောက် ဆင်းရဲမှုတို့ကြောင့် ဂေါက်ကွင်းများက အနည်းအကျဉ်းပဲ ရှိနေပါတယ်။

"ဂေါက်ကွင်းဆောက်တာ မခက်ပါဘူး။ ဆက်လက်ထိန်းသိမ်းဖို့က ခက်တာပါ။"ဟု ဦးကိုကိုလေးက ပြောသည်။

လျစ်လျူခံရတဲ့ မြန်မာအားကစားကဏ္ဍအတွက် မြန်မာကြေးစားဂေါက်ရိုက်အသင်း အကြီးအကဲ ဦးချန်းဟန်က "ကျွန်တော်တို့ ရန်ကုန်ကို ပြန်ရောက်ချိန်မှာ ဘယ်တံခွန်စိုက်ပြိုင်ပွဲမဆို ကျွန်တော်တို့လည်း ယှဉ်ပြိုင်နိုင်တာ ယုံကြည်လာတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ဘာတံခွန်စိုက်ပြိုင်ပွဲမှ မရှိဘူး။"ဟု ပြောသည်။

ဦးချန်းဟန်က အမေရိကန်မှာ အစ်ကိုဖြစ်သူနဲ့အတူ ဂေါက်ရိုက်သင်ကြားပေးရတဲ့သူဖြစ်ပြီး လက်ရှိမှာ Asian Tour ရဲ့ ဥက္ကဌပဲဖြစ်ပါတယ်။

သူက ၁၉၈၀ မှာ မလေးရှားကို ပြောင်းရွှေ့ခဲ့ပြီး သင်တန်းနည်းပြအဖြစ် လုပ်ကိုင်နေတာက ရပ်နားလိုက်တယ်။ ၁၉၉၅ မှာ ဂေါက်ရိုက်အားကစား မြှင့်တင်ဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့သူပဲ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးက လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံအတွက် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဂေါက်သီးအားကစားပြိုင်ပွဲက ကြေးတံဆိပ်ဆု သုံးဆု နိုင်ငံအတွက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂေါက်သီးအားကစား အပြည့်အဝ ထွန်းတောက်ဖို့က အတော်လေး လိုနေဆဲဖြစ်တယ်လို့ Myanmar Open ကို ကြီးမှူးကျင်းပခဲ့သူ ဦးချန်းဟန်က ပြောပါတယ်။

"အားကစားတိုင်းမှာ အထူးနည်းစနစ်မဟာဗျူဟာတွေလိုတယ်။ အစိုးရရဲ့ အထောက်အပံ့လည်း လိုပါတယ်။ ဒီကွက်လပ်ကို မဖြည့်ပဲ နိုင်ငံတကာတန်းဝင်လာမှ မဟုတ်ပါ။"ဟု ဦးချန်းဟန်က ပြောသည်။

ဂေါက်ထမ်းသမားဘဝမှ ဂေါက်ရိုက်အားကစားသမားဖြစ်လာသူ ကိုအောင်ဝင်းက နိုင်ငံတကာဂေါက်သီးသမားမဖြစ်လည်း နိုင်ငံက နောက်မျိုးဆက်တွေ အခွင့်အလမ်းတွေ ရအောင် ကူညီဖြည့်ဆည်းပေးလိုတယ်လို့ ဆန္ဒရှိနေသူပဲဖြစ်ပါတယ်။

"မြန်မာနိုင်ငံရဲ့ အနာဂတ်ဂေါက်ရိုက်အားကစားမှာ ကျွန်တော်က နည်းပြကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။"လို့ ကိုအောင်ဝင်းက ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required