ကျူးကျော်နေထိုင်သူများ မဲပေးခွင့်မရမည်ကို စိုးရိမ်နေ

ကျူးကျော်နေထိုင်သူများ မဲပေးခွင့်မရမည်ကို စိုးရိမ်နေ
လှိုင်သာယာ စက်မှုဇုံ ၂ မှ ကျူးကျော်တဲ အချို့ ( ဓာတ်ပုံ ကျော်လင်းအေး)

ရန်ကုန် ၊ဇွန် ၃၀ ။       ။ လာမည့် အောက်တိုဘာ လကုန် (သို့) နိုဝင်ဘာလ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်မရရှိမည်ကို စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိသည် ဟု လှိုင်သာယာ စက်မှုဇုံ (၂) မြေနုကျွန်း တွင် နေထိုင်သူများက ပြော သည်

ကျူးကျော်နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာ နေရာများတွင် နေထိုင်ကြောင်း ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်း တိုင်ထားခြင်းမရှိ ခြင်းကြောင့် မဲထည့်ရေး အတွက် အခက်အခဲ ဖြစ်နေသည် ဟုဆိုသည်။

ဧရာဝတီတိုင်း လတ္တပွတ်တာမြို့နယ်ရွှေ့ပြောင်းကာ လှိုင်သာယာ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သူ ဦးတင်မိုးက  "ကျွန်တော်တို့ မှာ ရပ်ကွက်ရုံးမရှိဘူး ၊အိမ်ထောင်စု စာရင်းတွေလည်း ရှိသူက ရှိမရှိ သူက မရှိဘူး၊ အိမ်ထောင်စုစာရင်းပေါက်တဲ့ နေရာမှာ မဲပြန်ထည့်ဖို့ဆိုတာမဖြစ်နိုင်ဘူး"ဟု  ပြောသည်။

 လှိုင်သာယာမြို့နယ် မြေနုကျွန်းရပ်ကွက်သည် သောင်ထွန်းသော မြေနေရာကို ရှင်းလင်းကာ နေထိုင်ကြခြင်းဖြစ်ပြီး အိမ်ခြေ သုံးထောင်နီးပါးနှင့်  လူဦးရေ နှစ်သောင်းကျော် ရှိသည်။

ရခိုင်ပြည်နယ် မှ ရွှေ့ပြောင်းနေထိုင်သူ ကိုအေးပိုင်က  "ဒီရပ်ကွက်မှာနေထိုင်တဲ့ အိမ်ခြေ နဲ့ လူဦးရေ စာရင်းတွေကို အတိအကျပြုစုထားပါတယ် အစိုးရအနေနဲ့ ကျုးတွေရဲ့ စာရင်းကို ယူပြီး မဲရုံတစ်ခု စီစဉ်ပေးရင် ကျွန်တော်တို့ အတွက်အကောင်း ဆုံးဖြစ်ပါတယ်"ဟု  ပြောသည်။

နာဂစ် မုန်တိုင်း  တိုက်ခိုက် ပြီးနောက်ပိုင်းတွင် သဘာ၀ ဘေးအန္တရာယ် ဒါဏ်ခံခဲ့ရသော ပြည်သူများ၊ နှင့် အလုပ် အကိုင်ရှား ပါးသော ဒေသများမှရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနေဖြင့်  ရန်ကုန်မြို့စွန် ရပ်ဒေသ များသို့ပြောင်းရွှေ့နေထိုင်လာ ကြပြီး အခြေချနေထိုင်လာကြခြင်းဖြစ်သည်။

 ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မဲစာရင်းတွင်ပါမပါဝင်ပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှရက်ပေါင်း ၁၆၀ ကျော်နေ ထိုင်ကြောင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၏ ထောက်ခံမှု ရရှိပါက မိမိနေထိုင်ရာ ရပ်ကွက်တွင် ပုံစံ (၃)ဖြင့် ပြန်လည် ပြုပြင် ရမည်ဖြစ်သည်။

 ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက မူ "မဲစာရင်းမှာတော့ ပါမှာ မဟုတ်ဘူး မဲစာရင်းက အိမ်ထောင်စုစာရင်း ကိုအခြေခံထားတဲ့အတွက် သို့သော်လည်း ဒီဘက်မှာနေထိုင်တဲ့ အထောက် အထားခိုင်လုံရင် မဲထည့်မယ့်အခွင့် အရေး မဆုံးရှုံးစေရဘူး"ဟု ရန်ကုန်မြို့ MPC တွင်ပြုလုပ်သော မဲစာရင်းပြုစုခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားသည်။

 ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ စာရင်းများအရ ရန်ကုန်တွင် ကျူးကျော် နေထိုင်သူ ၁၅၀၀၀၀ ကျော်ရှိပြီး ရွှေ့ပြောင်းနေထိုင်သူ နှစ်ထောင်နီးပါးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly