ငလျင်ဒဏ်ခံပြည်သူများအတွက် တင်သွင်းလာသည့် စံမမီသည့် အစားအစာများကို ဖျက်ဆီးရန် ကုလကို နီပေါပြော

ငလျင်ဒဏ်ခံပြည်သူများအတွက် တင်သွင်းလာသည့် စံမမီသည့် အစားအစာများကို ဖျက်ဆီးရန် ကုလကို နီပေါပြော

ခတ္တမန္ဒူ၊ ဇွန် ၃၀ ။        ။ ငလျင်ဒဏ်ခံပြည်သူများဆီသို့ ဖြန့်ဖြူးရန် တင်သွင်းခဲ့သည့် စံမမီသည့် အစားအစာတန်ချိန် ရာပေါင်းများ စွာကို ကုလသမဂ္ဂကဖျက်ဆီးပစ်ရမည်ဟု နီပေါအစိုးရအကြီးတန်းအရာရှိကြီးတစ်ဦၤးက ဇွန် ၂၉ တွင်ပြောကြားခဲ့သည်။

နီပေါတွင် ဧပြီ ၂၅နှင့် မေ ၁၂က လှုပ်ခတ်ခဲ့သော ငလျင်ကြီးနှစ်ခုကြောင့် လူ ၈,၈၄၄ဦးသေဆုံး၊ လူ၂၂,၀၀၀ကျော်ဒဏ်ရာရကာ အိမ်ခြေ ၅၀၀,၀၀၀ခန့်ပျက်စီးခဲ့သည်။ ထို့ကြောင့် လူထောင်ပေါင်းများစွာမှာ ယာယီအမိုးအကာများအောက်တွင် နေထိုင်နေရပြီး အစားအစာနှင့် ဆေးဝါးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည်။

ကုလသမဂ္ဂကမ္ဘာ့အစားအစာအစီအစဉ် WFP က ငလျင်ဒဏ်ခံဒေသရှိ ပြည်သူနှစ်သန်းကျော်ထံသို့ ဆန်၊ စွမ်းအားမြင့်ဘီစကစ်၊ ပဲနှင့်ဆီ စုစုပေါင်းတန်ချိန် ၆,၅၀၀ကျော်ကိုဖြန့်ဖြူးထားသည်။

သို့သော်လည်း ဆန်နှင့် ပဲနမူနာအချို့ကို ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ ၎င်းတို့မှာ လူများစားသုံးရန် မသင့်တော်ကြောင်း နီပေါ၏ အစားအစာနည်းပညာနှင့် အရည်အသွေးထိန်းချုပ်ရေးဋ္ဌာနက ပြောသည်။ ယင်းသို့စားသုံးရန်မသင့်တော်သော အစားအစာများ တွင် နိုင်ငံ၏ အနောက်တောင်ပိုင်း နီပေါလ်ဂန့်ဂျ်တွင် သိမ်းဆည်းထားသော ပဲခြမ်ဒ တန် ၅၀၀ကျော်နှင့် ငလျင်ဒဏ်ဆိုးဝါးစွာခံခဲ့ ရသည့် ရွာတစ်ရွာဖြစ်သည့် လက်ပ်ရက်ရှိ ဆန် ခြောက်တန်ပါဝင်သည်။

ပြသနာရှိသော မည်သည့်အစားအသောက်ကိုမျှ မဖြန့်ဖြူးခဲ့ဘဲ အရည်အသွေးမမီသောအစားအသောက်များကို လိုအပ်သည့် ရှင်းလင်းမှုများ လုပ်ဆောင်ပြီးပါက ရောင်းချသူများထံသို့ပြန်လည်ပို့ဆောင်သွားမည်ဟု WFP ကပြောကြားခဲ့သည်။

"ဝင်လာတဲ့ ပျက်စီးယိုယွင်းနေတဲ့ အစားအစာနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်အားလုံးကို စုံစမ်းစစ်ဆေးနေပါတယ်"ဟု WFP ၏ အရေးပေါ်ညိနှိုင်းရေးမှူး ရစ်ချတ်ရေဂန်က သွန်မဆင်ရိုက်တာဖောင်ဒေးရှင်းသို့ ပြောကြားခဲ့သည်။ WFP အနေဖြင့် အစားအစာ များအရည်အသွေးရှိရေးနှင့် ဘေးကင်းရေးကို အလွန့်အလွန်အရေးထားပြီး လက်ရှိရောင်းချသူများနှင့် စာချုပ်ဖျက်သိမ်းပြီးပါက အစားအစာများကို အစားထိုးဖြည့်ဆီးပေးမည်ဟု ၎င်းကဆိုသည်။

သို့သော်လည်း ယိုယွင်းနေသည့် အစားအစာများကို ဒေသခံအာဏာပိုင်များထဲမှ မျက်မြင်သက်သေများ၏ ရှေ့မှောက်တွင် ဖျက်ဆီးပစ်ရမည်ဟု စိုက်ပျိုးရေးဝန်ကြီးဋ္ဌာန အကြီးတန်းအရာရှိ အူတန်ကူမာဘဟာတာရိုင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required