မကွေးတွင် အယ်လ်နီညိုု အတွက်ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်

မကွေးတွင် အယ်လ်နီညိုု အတွက်ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်

မကွေး ၊ မတ် ၁၆ ။          ။ မကွေးမြို့နယ်အတွင်း ယခုနှစ်နွေရာသီ၌ အပူအားပြင်းသော အယ်လ်နီညိုသက်ရောက်မှု(EL Nino Effect)များအတွက် နေ့စဉ် သတင်းအချက်အလက်ထုတ်ပြန်ခြင်း၊ ပညာပေးလှုံ့ဆော်ခြင်းများနှင့် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး ပြောသည်။

ရေရှားပါးမှုပြသနာများ၊အပူချိန်မြင့်တက်မှု၊ တောမီးလောင်ကျွမ်းမှုများနှင့် စိုက်ပျိုးရေးပြသနာများ၊ ကျန်းမာရေးထိခိုက်မှုများအတွက် အယ်လ်နီညိုဖြစ်စဉ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ အား မတ်၄ ရက်နေ့တွင် စနစ်တကျဖွဲ့စည်းထားပြီး၊ထိရောက်စွာ ဆောင်ရွက်လျှက်ရှိကြောင်း မကွေးမြို့နယ်၊အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး က ပြောကြားသည်။

"အယ်လ်နီညိုဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေကို မျက်ခြေမပျက်လေ့လာစောင့်ကြည့်နေပြီး၊ ဌာနဆိုင်ရာပေါင်းစုံနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်။အခြား ပုဂ္ဂလိကအလှူရှင်တွေနဲ့   ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလို အဖွဲ့အစည်းတွေက လှူဒါန်းမယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲ။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောသည်။

နေ့စဉ်အပူချိန်သတင်းထုတ်ပြန်မှု အတွက် မကွေးမြို့လူစည်ကားရာ(၂)နေရာတွင် LEDဆိုင်းဘုတ်များဖြင့် အသိပေးထားပြီး နောက်ထပ်(၂)နေရာ ထပ်မံတပ်ဆင်ဦးမည် ဖြစ်သည်။

မကွေးမြစ်ကမ်းနားတစ်လျှောက်တွင်လည်း မြစ်ရေချိုးခြင်းသတိပေးဗီနိုင်းများချိတ်ဆွဲခြင်းနှင့် အယ်လ်နီညိုအသိပညာ ပေးလက်ကမ်းပေးဝေခြင်း၊ ကျန်းမာရေးဋ္ဌာနမှ ကျေးရွာများအရောက်   ဟောပြောလှုံ့ဆော်ခြင်းများကို ပညာပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။

" သက်ကြီးတွေနဲ့ကလေးငယ်တွေအတွက် ထန်းရွက်တွေ အဖီချပြီး စောင်တွေကို ရေစွတ်ကာဖို့ လျှပ်စစ်ရတဲ့ ရွာတွေ ဆိုရင်လည်း ပန်ကာတွေရှေ့မှာ အဝတ်ကိုရေစွတ်ပြီး အအေးဓါတ်ရအောင်လုပ်ဖို့ အကြံပေးစီစဉ်ထားတယ်။"  ဟု ဦးစောထွန်းဦးက ဆိုသည်။

သောက်သုံးရေအခက်အခဲများဖြေရှင်းနိုင်ရန်အတွက်လည်း ရေတွင်းတူးလို့ရသည့် ကျေးရွာများတွင် တူးပေးနေသကဲ့သို့။ရေ အခက်အခဲဖြစ်သည့် နေရာများသို့ ဂါလံ(၈၀၀)ပါ ရေကားများစေလွှတ်နိုင်ရန် စီစဉ်ထားကြောင်း၊နေ့အပူရှိန်မြင့်တက်လာလျှင် လူ့ ခန္ဓာကိုယ်ဖြစ်စဉ်အရ စိတ်တိုလွယ်ခြင်းနှင့်သွေးဆူလွယ်ခြင်းများ ကြောင့် ရာဇဝတ်မှုများမဖြစ်ပေါ်စေနိုင်ရန် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ၍ မှုခင်းကျဆင်းရေးနှင့်ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေကြောင်း၊မီးဘေးအန္တရာယ် အတွက်လည်း သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား သတိပေးလှုံ့ဆော်မှုများဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

"လောလောဆယ်တော့ အပူလွန်ကဲမှု(Heat Storke)ကြောင့် အသေအပျောက် ရှိတာ မတွေ့ရသေးဘူး။ ထူးခြားတာရှိရင် သတင်းပို့ဖို့၊မှတ်တမ်းပြုစုဖို့လည်း ကျန်းမာရေးကို  ညွှန်ကြားထားတယ်။ အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးနှိုးဆော်ချက်ပါတဲ့ ပညာပေးလက်ပန်းစာစောင်တွေလည်း ဖြန့်ဝေထားတယ်။" - ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မကွေးမြို့နယ်တွင် အပူချိန်(၄၁)စင်တီဂရိတ်အထိ မြင့်တက်လျှက်ရှိသည်ကိုတွေ့ရသည်။

မကွေးတိုင်းဒေသကြီးရာသီဥတုမှတ်တမ်းများအရ အားအသင့်အတင့် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် မကွေး ၁၁၃.၉° F၊မင်းဘူး ၁၁၄.၁°F၊ပခုက္ကူ ၁၁၃.၂°F၊ချောက် ၁၁၄.၆°F၊ဂန့်ဂေါ ၁၁၃.၆°F၊ဆင်ဖြူကျွန်း ၁၁၃.၆°F ဖြစ်ပြီး၊မကွေးမြို့ နယ်တွင် အပူဒဏ်ကြောင့် ရောဂါဝေဒနာခံစားရသူ(၁၅)ဦးအနက် (၁၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required