ပြည်သူတွေ ရင်ခုန်လှုပ်ရှားကြရတဲ့ နေ့တစ်နေ့

ပြည်သူတွေ ရင်ခုန်လှုပ်ရှားကြရတဲ့ နေ့တစ်နေ့

၁၅၊ ၃၊ ၂၀၁၆၊  မနေ့ကဆိုလျင် မိမိတို့ပြည်သူအများစု တီဗွီဖန်သားပြင်ပေါ် မနက်ခင်းပိုင်းက တည်းက ထိုင်ကြည့်ခဲ့ကြသည်။ နေ့လည်ပိုင်းရောက်တော့ တဝေးဝေး တဟားဟား အော်ဟစ်ရယ် မော အားပေးသံများ နေရာအနှံံ့ ကြားလာရသည်။ လမ်းမတချို့ပေါ်က အခြေခံလူတန်းစား တစ်ရပ် ဖြစ်သည့် ဆိုက်ကားဆရာများရဲ့ ပျော်ရွင်တက်ကြွနေသည့် နှုတ်ဆက်သံများ ကြားကြရသည်။

လူတိုင်းလိုလို ပြုံးပြသည့် မျက်နှာကိုယ်စီလိုလို ဖြစ်လာကြသည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတိုင်းတွင် လွှတ်တော်အတွင်း သမ္မတ မဲပေးရွေးချယ်ပွဲသတင်းကို သူ့ထက်ငါအလျင် သတင်းတင်နေကြသည်။ ညနေပိုင်းရောက်တော့ သတင်းတင်သူတိုင်းလိုလိုက သတင်းတင်မက သဘောထားများပါ ရေးကြသားကြတော့သည်။ အားလုံးကို ခြုံငုံသုံးသပ်မည်ဆိုလျင် မနေ့တုန်းက မိမိတို့နိုင်ငံ သမ္မတရွေးပွဲသတင်းကို ပြည်သူတွေ ရင်ခုန်စွာ စောင့်ကြည့်ခဲ့ကြ ပျော်ရွှင်ခဲ့ကြရသည်ဟု ပြောနိုင်ပါသည်။

ပြည်သူတွေ ရင်ခုန်မည်ဆိုလျင်လည်း ရင်ခုန်လောက်ပါသည်။ စိတ်လှုပ်ရှားကြ ပျော်ကြရွင် ကြမည်ဆိုလျင်လည်း စိတ်လှုပ်ရှားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်း ရာစုနှစ် တစ်ဝက် ကျော် မကြားရ မတွေ့ကြုံခဲ့ရဖူးသည့် နိုင်ငံတော်သမ္မတ ရွေးပွဲမျိုးကို ပြည်သူတွေ တိုက်ရိုက် ကြည့်ခွင့် မြင်ခွင့် ရခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်း သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ ပြည်သူတွေရဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်မှုကြောင့် ပေါ်ပေါက်လာရသည့် ဒီမိုကရေစီနည်းကျ သမ္မတရွေးပွဲ အစစ်အ မှန် ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

တနည်းအားဖြင့်ဆိုလျင် ပြည်သူ့ကိုယ်စားလှယ်များမှတဆင့် ပြည်သူတို့ကိုယ်တိုင် မိမိတို့နိုင်ငံ၏ သမ္မတသစ်ကို မိမိတို့ကိုယ်တိုင် တစုံတရာ ရွေးချယ်ခွင့် ရခဲ့ကြ သောကြောင့် ဖြစ်သည်။

မိမိတို့ပြည်သူများသည် ဒီမိုကရေစီကို ရေငတ်သလို ငတ်မွတ်ကြသူများဖြစ်သည်။ မိမိတို့ပြည် သူများသည် ဒီမိုကရေစီခေါင်းဆောင်များကို လေငတ်သလို ငတ်မွတ်ခဲ့ကြသူများဖြစ်သည်။ ဒီမိုကရေစီ ရရှိရေး၊ ဒီမိုကရေစီခေါင်းဆောင်များ တင်မြှောက်နိုင်ရေးအတွက် အသက်သွေးများ ရင်းနှီးထားခဲ့ ကြရသည်။ နှစ်ပေါင်း များစွာအတွင်း တိုင်းပြည် ရှေ့မတိုးပဲ နောက်ကိုချည်း ဆုတ်လာနေခြင်းအပေါ် စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ ယခုတော့ ဒီမိုကရေစီ၏ ရေတစ်စက်နှင့် လေတချို့ကို သောက်သုံး ရှူရှိုက်ခွင့်ရသလို ဖြစ်သည့်အတွက် လူတိုင်း ကြေနပ်ပျော်ရွှင်ကြရသည်။ ငါတို့ ဆက်လက်ရှင်သန်ခွင့် ရနေသေးပါလားဟူသော စိတ်ဖြင့် အားရှိလာကြရသည်။

ယခုအခါ နိုင်ငံတော်သမ္မတကြီးနှင့် ဒုသမ္မတ နှစ်ဦးကို ဒီမိုကရေစီနည်းကျ အောင်မြင်စွာ ရွေးချယ်အောင်မြင်ခဲ့ကြပြီဖြစ်သည်။ မကြာမီ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းနိုင်တော့မည် ဖြစ်သည်။ မကြာ မီ သမ္မတသစ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် တိုင်းပြည်ကို ဦးဆောင် အလုပ်လုပ်ကြရတော့မည် ဖြစ်သည်။ မိမိတို့နိုင်ငံ၏ကောင်းကင်သည် တောက်ပ ကြည်လင်စပြုသည့်သဘောပင် ဖြစ်သည်။

ယခုတခါ ရွေးချယ်တင်မြှောက်ခံရသော နိုင်ငံတော်သမ္မတသစ်သည် သာမာန် သမ္မတ မဟုတ်ချေ။ ဒီမိုကရေစီနည်းနှင့်တင်မြှောက်ခံရသော ပြည်သူ့ဆန္ဒကို ထင်ဟပ်ကိုယ်စားပြုသော သမ္မတဖြစ်သည်။ လူတစ်စုက လက်သိပ်ထိုး တန်းစီ ယာထားခန့်အပ်သည့် သမ္မတမျိုးမဟုတ်။ လူတစ်စုကို ကိုယ်စား မပြု။ လူထုကိုသာ တာဝန်ခံသော သမ္မတဖြစ်သည်။ လူထုကြီး၏ မမြင်ကွယ်ရာတွင် တိတ်တခိုး ခန့်အပ်ခံရသည့် သမ္မတမျိုးလည်းမဟုတ်။ ပြည်သူတွေအားလုံး တကမ္ဘာလုံး ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ခြင်းဖြင့် ဖြစ်လာသော သမ္မတဖြစ်သည်။ ထို့ကြောင့် မိမိတို့အားလုံး ကြိုဆိုကြရ မည်သာ ဖြစ်သည်။

တချို့ကတော့ ပြောကြသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာပြုလုပ်သော သမ္မတရွေးပွဲ သည် စင်းလုံးချော သမ္မတရွေးပွဲဟုတ်၏ မဟုတ်၏ စောဒကတက်ဖွယ်ရှိသည်ဟု ဆိုသည်များလည်း ရှိသည်။ ကိစ္စမရှိ။ တပြားမှ မရသည်နှင့် နှိုင်းယှဉ်လျင် မိမိတို့ပြည်သူများ တဝက်တပျက် အဆင်ချော ခဲ့ပြီ ဖြစ်သည်။ အရေးကြီးလှသည့် လူထုအောင်ပွဲအဆင့်တဆင့် ဖြစ်သည်။ သည်လိုနှင့်ပင် မိမိတို့ ပြည်သူများ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်ရသည်အထိ ချီတက်သွားကြရမည်သာဖြစ်သည်။

ဒါကြောင့်မို့ မဇ္ဈိမအနေဖြင့် မိမိတို့နိုင်ငံ၏ သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲကို ပြည်သူများနှင့်အတူ ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံကြောင်း ပြောကြားလိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly