သမ္မတဦးထင်ကျော်အပေါ် နယ်ပယ်အသီးသီးက ဘာတွေမျှော်လင့်ထားလဲ

သမ္မတဦးထင်ကျော်အပေါ် နယ်ပယ်အသီးသီးက ဘာတွေမျှော်လင့်ထားလဲ
သမ္မတဦးထင်ကျော်ကို သမ္မတရွေးကောက်ပွဲအပြီး ၂၀၁၆ခုနှစ်၊ မတ်လ ၁၅ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ မတ်လ  ၁၅ ။ ။ နိုင်ငံတော် သမ္မတနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်သည့် ဦးထင်ကျော်က ၃၆၀ မဲဖြင့် အနိုင်ရကာ ရွေးကောက်တင်မြှောက်ခံရပြီဖြစ်သည်။ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမတွင် မတ်လ ၁၅ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ  ၆၅၂ တွင် သမ္မတ ဦးထင်ကျော်က မဲအများဆုံး ၃၆၀ ရရှိကာ အပြတ်အသတ် အနိုင်ရခဲ့သည်။ ဒုသမ္မတများဖြစ်သည့် ဦးမြင့်ဆွေက ၂၁၃မဲ၊ ဦးဟင်နရီ ဗန်ထီးယူက ၇၉မဲ ရရှိခဲ့သည်။ 

ယင်းသို့ ရွေးချယ်တင်မြှောက်အပြီး သမ္မတ ဦးထင်ကျော်ကို နယ်ပယ်အရပ်ရပ်က ပြည်သူများ၏ အမြင် နှင့် မျှော်လင့်ချက်များကို သိရှိစေရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။ 

ဦးထင်ကျော်သည် ကဗျာဆရာကြီး မင်းသုဝဏ်၏ သားဖြစ်ပြီး လက်ရှိတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD၏ နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလွင်၏ သမီးဖြစ်ပြီး ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံထားရသူလည်းဖြစ်သည်။ 

ကြည်ဖြူရှင် (ရုပ်ရှင်ဒါရိုက်တာ)

ပုဒ်မ (၅၉)စလုံးကိုမပြင်တော့ဘူးဆိုကတည်းက အမေစုသမ္မတ မဖြစ်တော့ဘူးဆိုတာ သိခဲ့တယ်။ စိတ်အရမ်းပူခဲ့တယ်။ အမေရွေးထားတဲ့ ဦးထင်ကျော်ဖြစ်တာ ကျေနပ်တယ်။ သူကအမေကိုလည်း ယုံကြည်တဲ့သူ လေးစားတဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ ပညာတတ် မျိုးရိုး အစဉ်ဆက် အထင်ကရ ပုဂ္ဂိုလ် ဖြစ်နေတယ်။ သမ္မတဖြစ်တာ အတိုင်းမသိ ဝမ်းသာတယ်။ ဦးထင်ကျော်ကို လူတိုင်းချစ်ကြတယ်။ ခင်ကြတယ်။ စိတ်ထားနူးညံ့တယ်။ သူတစ်ယောက်လည်း ဖြစ်တယ်။ သူကောင်းကောင်းလုပ်သွားနိုင်မယ်လို့ယုံကြည်တယ်။ လက်ရှိ အမတို့နိုင်ငံက ပြုပြင်ပြောင်းလဲဖို့က အများကြီးလုပ်ရမှာ။ ဘက်ပေါင်းစုံက ချို့ယွင်းချက်ဖြစ်နေတယ်။ သေခါနီးလူမမာ ဒဏ်ရာပလာပွနဲ့ လူကို ဆေးကုရမှာ ဆိုတော့ အထိခိုက်မခံဘူးလေ  အရမ်း ပညာသာပါပါနဲ့  ကိုင်တွယ်ဖြေရှင်းရမှာ။ ကဏ္ဍအစုံမှာ ချွတ်ခြုံကျနေတော့  ငါးနှစ်အတွင်းဖြေရှင်းရမှာပဲ။ ဒါပေမယ့် ကောင်းကောင်းကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။

ဒေါက်တာအောင်ထွန်းသက် (သမ္မတ အကြံပေး) စီးပွားရေး ပညာရှင်

ဦးထင်ကျော် သမ္မတဖြစ်တာ ကြိုဆိုတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဆိုရင် စီးပွားရေးကို စပြောင်းလဲသင့်တယ်။ နောက်အရေးကြီးတာ ငြိမ်းချမ်းရေးပေါ့။ ဒီကဏ္ဍ နှစ်ခုကို အဓိကပြောင်းလဲသင့်တာပေါ့နော်။ သူက တာဝန်သိတက်သူ အရည်းချင်းပြည်ဝတဲ့ သူမျိုးကို ရွေးချယ်လိုက်နိုင်တာကိုက တိုင်ပြည်ရဲ့ နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး ပြောင်းလဲမှုပါပဲ။ အထူးခြားဆုံး ပြောင်းလဲမှုပေါ့။ ကျွန်တေ်ာတို့ တွေလည်း နောက် ငါးနှစ်ကို  အရှိန်အဟုန်နဲ့ ပြောင်းလဲဖို့ကို တိုက်တွန်းတယ်။ အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ 

ဒေါ်ညိုညိုသင်း (ဥပဒေ ပညာရှင်)

အန်တီကတော့ တိုင်းပြည်အတွက်အားရတယ်။ နှစ်ငါးဆယ်အတွင်း ပထမဆုံး အရပ်သား အစိုးရ ဖြစ်သွားတာကို ဝမ်းသာတယ်။ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဆိုရင် မြန်မာလူဦးရေး ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသကသူတွေ ဖြစ်နေတယ်။ သူတို့ကို လူမွဲလို့ ပြောရမယ်။ သူတို့ဖွံ့ဖြိုးရေးကိုအဓိက ဆောင်ရွက်ပေးစေချင်တယ်။ လယ်ယာကဏ္ဍကို ဖွံ့ဖြိုးဖို့ကို အဓိက ဆောင်ရွက်ပေးစေလိုပါတယ်။ လွှတ်တော်မှာ ဥပဒေတွေပြဋ္ဌာန်း အစိုးရ အနေနဲ့ အပြန်အလှန်ထိန်းကျောင်းစေချင်တယ်။ Congratulation! သွေးမစွန်းသောလက်များရဲ့ပိုင်ရှင် ဦးထင်ကျော်ကို နိုင်ငံတော်ရဲ့သမ္မတကြီးအဖြစ် ယနေ့ပြည်ထောင်စုလွှတ်တော်ကြီးက ၆၅၂ မဲ မှာ ၃၆၀မဲနဲ့ တခဲနက် တင်မြှောက်လိုက်တာကို ဂုဏ်ယူပါတယ်။

ဦးမြင့်ကျော် (မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်)

ဒီလက်ရှိ အခင်းကျင်းကတော့ ပြည်သူအများစုက လိုချင်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ခက်ခဲနေလို့ ရနိုင်တဲ့ အကောင်းဆုံး အခြေအရ ဒီလိုမျိုးရွေးရတဲ့ သဘောပါ။ ရိုးသားတယ် ပညာတက်တယ်။ ဖြောင့်မတ်တယ်ဆိုတာကတော့ တစ်ပိုင်းပေါ့။ ဖြစ်သင့်တာ မဖြစ်တော့ အကောင်းဆုံးလုပ်လိုက်တဲ့ သဘောပါ။ ပြည်သူအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖြစ်စေချင်တာပေါ့။  အစိုးရပြုပြင်ပြောင်းလဲရေး စလုပ်မယ်ဆိုရင်  ပြည်တွင်းငြိမ်းချမ်းရေး ကနံပါတ် (၁) အရေးကြီးဆုံးပဲ၊ ဒုတိယက တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူအများရဲ့ စီးပွားရေးရယ် မြေယာပြဿနာတွေရှိမယ်။ ဒုတိယ သမ္မတတွေက သမ္မတလောက်တော့ လုပ်ပိုင်ခွင့်မရှိပေမယ့် စစ်တပ်ဖက်က ဦးမြင့်ဆွေထက် သမိုင်းကြောင်းကောင်းတဲ့ သူတွေရှိရဲ့သားနဲ့ တင်တယ်ဆိုတော့ ဦးသန်ရွှေရဲ့ အရိပ်တွေ ရှိနေတုန်းပဲလို့ ယူဆတယ်။ သမ္မတ ဦးထင်ကျော်ကိုတော့  တစ်ခြားနေရာတော့ပြောစရာမရှိဘူး နိုင်ငံရေး  position အရ ဒေါ်စုကိုပဲဖြစ်စေချင်တယ်။ ဒေါ်စုလမ်းညွှန်မှုနဲ့ သွားရမှာပဲ။ ကျွန်တော်တို့ ရောင့်ရဲပြီး အကောင်းမြင်တာမျိုးတွေသိပ်များတယ်။
 

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

သမ္မတအသစ်ဦးထင်ကျော်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုယူပြီး ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲမှုကို ထိရောက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ၁၉၆၀ နောက်ပိုင်း သမ္မတ အဆင့်ဆင့် ပြောင်းလဲလာတဲ့ထဲမှာတော့ နိုင်ငံအတွက် အတွက်အကောင်းဆုံး လုပ်နိုင်မယ့်သူလို့မြင်တယ်။

ကျွန်တော်တို့နိုင်ငံက အရှေ့တောင် အာရှနိုင်ငံထဲမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေတယ်။ လက်ရှိ အစိုးရအနေနဲ့ မြန်မာပြည် ဆင်းရဲမွဲတေမှုတွေကို ဖြစ်စေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ချနိုင်ရမယ်။ မဖြစ်မနေ အကောင်အထည်ဖော်နိုင်မယ်ရပါမယ်။ အဲဒီအတွက် အာဂတိလိုက်စားမှုကို ထိရောက်အောင် ကာကွယ်နိုင်ရပါမယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုရင် ၂၀၀၈ ဖွဲ့စည်ပုံအကျပ်အတည်းကို ပြင်ဆင်ရမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုကို အကောင်ထည်ဖော်သင့်တယ်။ ကျွန်တော်ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ထားတဲ့ သမ္မတ ဦးထင်ကျော်က ၁၉၆၂ နောက်ပိုင်းအစိုးရ အဆက်ဆက်တွေထက် သာလွန်းတဲ့ အစိုးရဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးစိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ)

ကျနော်တို့အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဦးထင်ကျော်ဖြစ်လာတာပေါ့။ သူက မိသားစုနောက်ခံရော ပညာအရည်အချင်းရော ပြောစရာမရှိပါဘူး။ တိုင်းပြည်ကို ဦးဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အကောင်းမြင် ယူဆပါတယ်။၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ကတော့ လွှတ်တော်တစ်ခုတည်းက လုပ်လို့မရပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဖို့က လွှတ်တော်ပြင်ပနည်းလမ်းက အကောင်းဆုံးပါဘဲ။ တပ်မတော်က သဘောတူတယ်ဆိုလည်း တပ်မတော်က ပြင်စေချင်သလိုပဲ ပြင်လို့ရမှာ။ လွှတ်တော် အတွင်းအပြင်ကနေ လုပ်ဆောင်သွားရမှာပါ။ တပ်မတော်သဘောမပါဘဲ ပြင်လို့မရပါဘူး။ လာမယ့်အရပ်သား အစိုးရသစ်အနေနဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်မယ်ဆိုရင် တခြားလက်နက်ကိုင်တွေပါ ပါဝင်လာလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ရလာတဲ့ သဘောတူညီချက်ကနေ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်မယ်ဆိုရင် သိပ်ကောင်းမယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required