သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ ဦးထင်ကျော်ရဲ့ ပထမဆုံး အမှတ်တရစကား

သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ ဦးထင်ကျော်ရဲ့ ပထမဆုံး အမှတ်တရစကား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၅ရက်)။ ။ ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၅ရက်တွင်ပြုလုပ်သော သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုသော ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။

ဦးထင်ကျော်သည် ပြည်ထောင်စုလွှတ်တော်အမတ် ထက်ဝက်ကျော်၏ ထောက်ခံမဲဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းလည်း ဖြစ်သည်။

သမ္မတအဖြစ် ရွေးချယ်ခံရမှုအပေါ် ဦးထင်ကျော်က "အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ဆိုကာ "ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာနဲ့ ဖြစ်တာပါ။ ပြည်သူတွေရဲ့ အောင်ပွဲ၊ အစ်မ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပါ" ဟု သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အပြီး ပြန်လည်ထွက်ခွာစဉ် ပထမဆုံးအမှတ်တရစကား ပြောသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ရာ လာမည့် ဧပြီလ ၁ရက်ကစပြီး ဦးထင်ကျော်က သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ယနေ့ပြုလုပ်သော သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် လွှတ်တော်အမတ် ၅၆၂ဦးတက်ရောက်ပြီး ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀မဲဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း ဖြစ်သည်။ ထို့ပြင် ဒုတိယသမ္မတ(၁)အဖြစ် တပ်မတော်ကရွေးချယ်သော ဦးမြင့်ဆွေက ရွေးချယ်တင်မြှောက်ခံရပြီး ဒုတိယသမ္မတ(၂)အဖြစ် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ရွေးချယ်ခံရသည်။

ပြည်ထောင်စုလွှတ်တော်အမတ် ၆၅၂ဦး မဲပေးရွေးချယ်မှုတွင် ဦးထင်ကျော်က ၃၆၀မဲ၊ ဦးမြင့်ဆွေက ၂၁၃မဲနှင့် ဦးဟင်နရီဗန်ထီးယူက ၇၉မဲ ရရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required