တူနီးရှား ကမ်းခြေပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီး

တူနီးရှား ကမ်းခြေပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီး

(တူးနစ်)။ ။ တူနီးရှားနိုင်ငံ အပန်းဖြေကမ်းခြေတွင် လူ ၃၈ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံ အုပ်စုကို ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ဝန်ကြီး မိုဟာမတ်ဂါဆယ်လီက နိုင်ငံတွင်းရှိ အပန်းဖြေ ကမ်းခြေနေရာများတွင် ကာကွယ်ရေးအတွက် တပ်ဖွဲ့အင်အား ၁၀၀၀ ကို ဖြန့်ကြက်ချသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ကမ်းခြေသို့ ဥရောပနိုင်ငံများမှ ဝန်ကြီးသုံးဦးလည်း လာရောက်ကာ တစ်စိတ်တစ်ဝမ်းတည်း ရှိကြောင်းပြသလျက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပန်းများလာချသွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့က ကျုးလွန်ခြင်းဖြစ်ကြောင်း အိုင်အက်စ်တို့က ပြောသည်။

ကမ်းခြေ ပစ်ခတ်သတ်ဖြတ်မှုအတွင်း သေဆုံးသူများတါင် ဗြိတိန်နိုင်ငံမှ ခရီးသွားဧည့်သည်များက အများဆုံးဖြစ်ပြီး လူ ၃၀ သေဆုံးခဲ့ခြင်း ဖြစ်သည်။

"ဒီအစွန်းရောက် အကြမ်းဖက် ရာဇဝတ်မှု နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ အစွန်းရောက်ကွန်ရက်မှ လူတစ်အုပ်ကို စတင်ဖမ်းဆီးလိုက်နိုင်တာဖြစ်ပါတယ်” ဟု ဂါဆယ်လီက ပြောသည်။

ဇွန် ၂၆ ရက်က ဖြစ်ပွားသွားသည့် ယခုကမ်းခြေတိုက်ခိုက်မှုကို ဆီဖက်ဒင်ရီဂီဆိုသည့် တူနီးရှား ကျောင်းသား တစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရီဂီက တိုက်ခိုက်ရေးသက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် နောက်ကွယ်တွင် လက်နက်ခဲယမ်းစသည်တို့
ထောက်ပံ့မှုများဖြင့် ပါဝင်နေသူများရှိကြောင်း တူနီးရှားအာဏာပိုင်များက အေပီသတင်းဌာနသို့ ပြောခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly