မိုဟာမက်အလီကို အနိုင်ရမည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာအစိုးရသစ် ပေါ်ပေါက်လာသည့်အတွက် ၀မ်းမြောက်ကြောင်း အောင်လအန်ဆိုင်း ဆို

မိုဟာမက်အလီကို အနိုင်ရမည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာအစိုးရသစ် ပေါ်ပေါက်လာသည့်အတွက် ၀မ်းမြောက်ကြောင်း အောင်လအန်ဆိုင်း ဆို
(ဓာတ််ပုံ-သူရ မဇ္စျိမ)

မတ် ၁၅၊ ရန်ကုန် ။           ။ လာမည့် မတ်လ ၁၈ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် One Championship ပြိုင်ပွဲ၌ ပြိုင်ဘက်အီဂျစ်လက်ဝှေ့သမား မိုဟာမက်အလီကို အေးအေးဆေးဆေးအနိုင်ရမည်ဟု ယုံကြည်ကြောင်း MMA ဖိုက်တာ အောင်လအန်ဆိုင်းက ပြောဆိုလိုက်သည်။

မြန်မာစပါးကြီးမြွေ(ခေါ်)အောင်လအန်ဆိုင်းသည် ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ကန်တော်ကြီး ဥယျာဉ်အတွင်း၌ ရန်ကုန်လမ်းဘေးစာသင်ဝိုင်း(ဂရုဏာပျိုးခင်း)မှ ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဂိမ်းပြိုင်ပွဲများ ပျော်ရွှင်စွာ ကစားခဲ့ကြသည်။

ထို့နောက်တွင် အောင်လအန်ဆိုင်းက ၎င်းနှင့် ထိုးသတ်ရမည့် ပြိုင်ဘက်လက်ဝှေ့သမား မိုဟာမက်အလီကို လေ့လာထားပြီး ဖြစ်ကြောင်းနှင့် အနိုင်ရမည်ဟု ယုံကြည်ကြောင်း မီဒီယာများကို ပြောသည်။

'မိုဟာမက်အလီရဲ့ အားနည်းချက်က ညာဘက်လက်က သန်တယ်။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ အမ်အမ်အေဖိုက်တာထက် အလေးမသမားနဲ့ ပိုတူတယ်။ သူနည်းနည်းလေးမယ်။ တုန့်ပြန်မှုမြန်မြန်လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူမြေကြီးအောက်မှာ ချတာလည်း သိပ်မချတတ်ဘူး။ ကျွန်တော့်စိတ်မှာ အဲ့လိုထင်တယ်။ သူ့ကို နိုင်အောင် အကောင်းဆုံးချမယ်။

မိုဟာမက်အလီကို ရှုံးမယ်လို့ နည်းနည်းမှ စိတ်မှာ မထားဘူး။ သူ့ကို အေးဆေးနိုင်မယ်လို့ စိတ်ထဲမှာ ထားတယ်။ နေ့တိုင်း လေ့ကျင့်တဲ့နေရာမှာလည်း သူ့ကို နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ လေ့ကျင့်ထားတယ်။ အကောင်းဆုံးကျင့်ထားတယ်။ သူ့ကို အေးဆေးနိုင်မယ်ဆိုတာ မာနကြီးပြီး ပြောတာမဟုတ်ဘူး။ အားရှိပြီး ပြောတာပါ' ဟု အောင်လအန်ဆိုင်းက ပြောသည်။

ကချင်အမျိုးသား အောင်လအန်ဆိုင်းက မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ထွက်လာသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ပိုမိုကောင်းမွန်သည့် နိုင်ငံဖြစ်လာစေရန် ဆုတောင်းပေးနေကြောင်းနှင့် လာမည့်စက်တင်ဘာလမတိုင်ခင် မွေးရပ်မြေ ကချင်ဒေသတွင် လှူဒါန်းမှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required