နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်တွင် ရှင်သန်နိုင်မည်ဟု ဘင်နီတက်ဇ် ယုံကြည်

နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်တွင် ရှင်သန်နိုင်မည်ဟု ဘင်နီတက်ဇ် ယုံကြည်

မတ် ၁၅၊ အင်္ဂလန် ။        ။ လက်စတာအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး အမှတ်ပေးဇယား၏ အဆင့် ၁၉ နေရာတွင် ဆက်လက်ရပ်တည်နေသော်လည်း နယူးကာဆယ်အသင်းနည်းပြ ရာဖေးဘင်နီတက်ဇ်က ၎င်းတို့အသင်း ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

နယူးကာဆယ်အသင်းသည် လက်ရှိအချိန်တွင် ပွဲစဉ် ၂၉ ပွဲကစားထားပြီး ရမှတ် ၂၄ မှတ် ရရှိထားကာ အဆင့် ၁၉ နေရာတွင် ရပ်တည်နေသည်။ ဘင်နီတက်ဇ်အနေဖြင့် ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်နိုင်ရန် ပွဲစဉ် ကိုးပွဲ ကြိုးစားခွင့် ရှိနေသည်။

ဘင်နီတက်ဇ်က 'ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့က တကယ်ကို ခက်ခဲပါလိ့မ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကွင်းထဲမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါကို လုပ်နိုင်မယ်လို့လည်း ထင်ပါတယ်' ဟု ပြောသည်။

လက်စတာနှင့်ပွဲစဉ်တွင် နယူးကာဆယ်အသင်းသည် အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သော်လည်း ဂျပန်တိုက်စစ်မှူး အိုကာဇာကီ၏ နောက်ပြန်ကန်ချက်ဂိုးကို ခွင့်ပြုခဲ့ရပြီး တစ်ဂိုးတည်းဖြင့် ကပ်ရှုံးခဲ့ရသည်။

'ကျွန်တော်တို့ရဲ့ အစက တကယ်ကို ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာကို ပြန်ကစားခဲ့ပုံကလည်း ကျေနပ်စရာပါ။ ကစားသမားတွေဟာ အနိုင်ရဖို့အတွက် ကြိုးပမ်းခဲ့ကြတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။

ဒီလိုအခြေအနေကို ရောက်ရှိနေချိန်မှာ အရေးအကြီးဆုံးက အခွင့်အရေးတွေဖန်တီးနိုင်ဖို့ပါပဲ။ နောက်တစ်ပွဲမှာ ကျွန်တော်တို့ ဒီထက်ကောင်းအောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်' ဟု ဘင်နီတက်ဇ်က ပြောသည်။

နယူးကာဆယ်အသင်းသည် လာမည့် ပွဲစဉ်နှစ်ပွဲတွင် တန်းဆင်းဇုန်၌ ရုန်းကန်နေကြရသည့် နောဝှစ်ချ်၊ ဆန်းဒါးလန်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly