လက်စတာပရိသတ်များ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အိပ်မက် မက်နိုင်ပြီဟု နည်းပြ ရာနီရေရီ ပြော

လက်စတာပရိသတ်များ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အိပ်မက် မက်နိုင်ပြီဟု နည်းပြ ရာနီရေရီ ပြော

မတ် ၁၅၊ အင်္ဂလန် ။           ။ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ တွင် နယူးကာဆယ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် လက်စတာအသင်းနည်းပြ ရာနီရေရီက အသင်း၏ပရိသတ်များအနေဖြင့် ချန်ပီယံဆုကို အိပ်မက် မက်နိုင်ပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် လက်စတာအသင်းသည် ရမှတ် ၆၃ မှတ်ရရှိထားပြီး ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက် စပါးအသင်းကို ငါးမှတ် ဖြတ်ထားသည်။ တတိယနေရာမှ အာဆင်နယ်ထက် တစ်ပွဲပိုကစားထားပြီး ၁၁ မှတ်ဖြတ်ထားနိုင်သလို စတုတ္ထနေရာမှ မန်စီးတီးထက်လည်း တစ်ပွဲပိုကစားကာ ၁၂ မှတ် ဖြတ်ထားသည်။

လက်စတာနည်းပြ ရာနီရေရီက 'ကျွန်တော်တို့ ပရိသတ်တွေ ချန်ပီယံဆုကို အိပ်မက် မက်နေကြပါပြီ။ ကျွန်တော်တို့လည်း နိုင်ပွဲတွေ ဆက်လက်ရယူလိုပါတယ်။ သူတို့ အိပ်မက် မက်သလို ကျွန်တော်တို့ကလည်း အသေအချာ ကြိုးစားသွားမှာပါ' ဟု ပြောသည်။

ထို့အပြင် ရာနီရေရီက ယနေ့ပွဲသည် ခက်ခဲသည့်ပွဲဖြစ်ကြောင်းနှင့် တစ်ပွဲချင်းစီ ဆက်လက် ချီတက်သွားမည်ဟု ပြောသည်။

'ဒီနေ့ပွဲက ခက်ခဲတဲ့ပွဲပါ။ သူတို့က နည်းပြသစ်ရဲ့ ပထမဆုံးပွဲဖြစ်လို့ ကစားသမားတွေကလည်း သူတို့ရဲ့ ပုံစံကောင်းနဲ့ စိတ်ဓာတ်ကောင်းကို ပြသလိုကြပါတယ်။ အဖွင့်ဂိုးစသွင်းနိုင်ခဲ့တာက ကျွန်တော်တို့အတွက် အလွန်အရေးပါခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ အသင်းက အလွန်တောင့်တင်းနေပါပြီ။ ကျွန်တော်တို့ တစ်ပွဲချင်းစီ ရှေ့ဆက်သွားဖို့ တွေးထားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဖလော်ဆော်ဖီပါပဲ' ဟု ရာနီရေရီက ပြောသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ပြီးဆုံးရန် ရှစ်ပွဲသာ ကျန်ရှိတော့ပြီး လက်စတာသအင်းမှာ လာမည့်အပတ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required