ပွန်းချောင်းပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းရပ်တန့်ရန် ကရင်နီလူမှုအဖွဲ့အစည်းများတောင်းဆို

ပွန်းချောင်းပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းရပ်တန့်ရန် ကရင်နီလူမှုအဖွဲ့အစည်းများတောင်းဆို
ဓာတ်ပုံ-စံဖြိုးထွန်း

ချင်းမိုင်၊ မတ် ၁၄ ။            ။ ကယားပြည်နယ် ဘောလခဲမြို့ရှိ ပွန်းချောင်းပေါ်တွင် တည်ဆောက်ရန်စီစဉ်နေသည့် ရေကာတာ စီမံကိန်းရပ်တန့်ရန် တောင်းဆိုကြောင်း ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အခမ်းအနားတွင် ကရင်နီ လူမှုအဖွဲ့အစည်းများက ပြောသည်။

ယင်းလုပ်ရပ်သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အစိုးရအကြား ဆောင်ရွက်လျက်ရှိသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည့်အတွက် ရေကာတာ စီမံကိန်းကြီး ဆောင်ရွက်မှုကို ရပ်စဲရမည်ဟု ကရင်နီအရပ်ဖက်လူမှုအဖွဲ့အစည်းများက မတ် ၁၄ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယနေ့ ကျရောက်သော အပြည်ပြည်နိုင်ငံ မြစ်ချောင်းများနေ့ အခမ်းအနားကို ဖားဆောင်းမြို့နယ် ဗဟီးထာကျေးရွာတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၂၀၀ ကျော်က ရေကာတာစီမံကိန်း များ ရပ်ဆိုင်းရန်အတွက် ဆုတောင်းပွဲ ပြုလုပ်ကာ သံလွင်မြစ်ပေါ်တွင် NO Dam ဟုရေးသား ထားသော ပို့စတာပါသည့် ဖောင်ဖြင့် မျောခြင်းများ ပြုလုပ်ခဲ့သည်ဟု ကရင်နီပြည် အရပ်ဖက် လူထုအခြေပြု အဖွဲ့အစည်းများမှ ဒေါ်နှင်းရီက ပြောသည်။

“အဓိက သဘောဝပတ်ဝန်းကျင်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ ရလာမဲ့ အကျိုးအမြတ် ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရေရေရာရာသေချာအာမခံတဲ့ အခြေအနေမရှိ သေးဘူး ဒါကြောင့် တောင်းဆို ရတာပါ”ဟု ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်မုန်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက အစိုးရနှင့် စာချုပ် ချုပ်ဆိုထားသော ကုမ္မဏီ ကိုယ်စားလှယ်များမှ ဘောလခဲမြို့နယ် ပွန်းချောင်း တစ်လျှောက်တွင် တိုင်းထွာမှုများကို စတင်ပြုလုပ်ခဲ့ရာ ဘောလခဲမြို့မှ ၁၀ ကီလိုမီတာအကွာရှိ စောလုံကျေးရွာအုပ်စု ဟော်ခမ်းကျေးရွာ၊ စောလုံကျေးရွာနှင့် လွိုင်ဝမ်းကျေးရွာများတွင် တိုင်းထွာမှုများ ဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီမှာရှိနေတဲ့ လူထုတွေ ထပ်ပြီးတော့ မပြောင်းချင်ဘူး။ ပြီးရင် ကျွန်မတို့ မြေ၊ ကျွန်မတို့ ရေ၊ ကျွန်မတို့ဒေသကို ကျွန်မတို့ဖာသာ စီမံခန့်ခွဲချင်ပါတယ်။ ရေကာတာ ဆောက်လုပ်ခဲ့မယ်ဆိုရင်လည်း အဲဒီက ရတဲ့အကျုးိအမြတ်တွေ ကျမတို့ လူထုတွေ လုံးဝ ခံစားရမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တဲ့အတွက်ပါ” ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်မှ ဒေါ်နှင်းရီက ပြောသည်။

ရေကာတာ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဒေသခံ ပြည်သူလူထုအား အသိပေးတိုင်ပင်မှု မရှိခြင်း၊ စီမံကိန်းနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု မရှိသည်ကို တွေ့ရပြီး ၎င်းတိုင်းတာမှုများသည် တံတားများဆောက်လုပ်ရန်အတွက်ဖြစ်သည်ဟု တစ်ချို့ ရွာသားများအား အကြောင်းပြပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလက မြန်မာ့လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ H.T.C.T Energy Investment Co.Ltd(Myanamar)နှင့် Trust Energy Investment Pte.Ltd(Singapore)တို့  ပွန်းချောင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာတစ်ခုကို တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ ချုပ်ဆိုခဲ့သလို၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတစ်ခု တွင်လည်း အဆိုပါ ပွန်းချောင်းရေကာတာမှ မီဂါဝပ် ၅၂၈ ရှိ လျှပ်စစ် ထုတ်လုပ်ပေးမည်ဟု ရေးသားထားသည်ဟု ဆိုသည်။

ကရင်နီလူမှုအသင်းအဖွဲ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်အနေဖြင့် ပွန်းချောင်းရေကာတာ ဆောက်လုပ်ပါက ပွန်းချောင်း နဘေးတွင် တည်ရှိသော ရှေးဟောင်း မြို့တော်ဖြစ်သည့် ဘောလခဲမြို့ရှိ ဒေသခံ ပြည်သူများအပေါ် ထိခိုက်နစ်နာမှုဖြစ်မည်ကို အထူးစိုးရိမ်ကြောင်းနှင့် ရာစုနစ်များစွာ အကျိုးပြုသည့် ပွန်းချောင်းအား ပိတ်ဆို့တားဆီးခြင်းသည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်စေသည်ဟု ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်မှ ခူးကိုရယ်က ထည့်သွင်း ပြောဆိုထားသည်။

အဆိုပါ စီမံကိန်းကြီး တည်ဆောက်ရန် လုပ်ဆောင်နေမှုအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဘက်မှ တိုင်းထွာရေး အဖွဲ့အား ထွက်ခွာသွားရန် ပြောဆိုခဲ့သဖြင့် ယင်းတိုင်းထွာရေးအဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်ဟု ဆိုထားသည်။

အလားတူ ကရင်နီပြည်သူများနှင့် အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်း ၁၇ ဖွဲ့ စုပေါင်း၍လည်း ပွန်းချောင်းရေကာတာ စီမံကိန်း၏ နေရာတွင် ဘောလခဲမြို့ရှိ ကယားပြည်နယ်၏ အထင်ကရ သမိုင်းဝင်နေရာဖြစ်သော စော်ဘွားများ၏ ဟော်နန်းစိုက်ရန် ဒေသဖြစ်ခြင်း၊ ကရင်နီမျိုးနွယ်စုဝင်ဖြစ်သော ယင်းတလဲမျိုုးနွယ်စုတို့ အဓိက နေထိုင်ရာဒေသဖြစ်သောကြောင့် ၎င်းလူ မျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်နိုင်သဖြင့် ရပ်ဆဲပေးရန် သဘောထား ထုတ်ပြန်ထားသည်။

စီမံကိန်းအတွက် လုံခြုံရေးအကြောင်းပြကာ စစ်အင်အားတိုးချဲ့ချထားခြင်း၊ စစ်ရေးတင်းမာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဟန့်အတား ဖြစ်စေခြင်း၊ သံလွင်မြစ်ဝှမ်းသည် ငလျင်ပညာရှင်များ၏ ရှာဖွေ တွေ့ရှိချက်အရ ကြီးမားသော ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသောကြောင့် ရေကာတာတည်ဆောက်ခြင်းသည် များစွာ အန္တရာယ်ဖြစ်စေနိုင် သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ပြင် နေပြည်တော် အစိုးရမှ ပွင့်လင်းမြင်သာမှုမရှိဘဲ အကြီးစား ရေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်နေခြင်းသည် KNPP နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသော ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်အတွင်း အကြီးစား စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိကာ ဒေသခံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုရှိပြီး တာဝန်ယူ မှုရှိကာ ဒေသခံပြည်သူများ၏ ဆုံးရှုံးနစ်နာမှုမရှိအောင် အာမခံချက်ရှိရမည်ဆိုသော အချက်အား ချိုးဖောက်နေသည်ဟု ဆိုထားသည်။

ဖက်ဒရယ် ဒီမိုကရေစီ စနစ်အောက်ရှိ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိမချင်းနှင့် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းပေးနိုင်သည့် နိုင်ငံရေး ဖြေရှင်းချက်မရှိမချင်း ဒေခသခံ လူထုကို ထိခိုက်နစ်နာမှုဖြစ်စေမည့် ရေကာတာ စီမံကိန်းများ၊ အကြီးစား စီမံကိန်းများအား ရပ်စဲထားရန် ကရင်နီပြည်လူမှုအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလက ဦးသိန်းစိန် အစိုးရမှ တရုတ်နိုင်ငံ ဒါတန်းကုမ္ပဏီနှင့် ကယားပြည်နယ် ဘောလခဲမြို့မှ ၁၄ ကီလိုမီတာ အကွာ အဝေးရှိ သံလွင်မြစ်ပေါ်တွင် မီဂါဝပ် (၆၀၀ မှ ၁၄၀၀) ထုတ်လုပ်မည့် ရွာသစ်ရေကာတာ၊ ပွန်းချောင်းတွင် (၁၃၀) မီဂါဝပ်နှင့် သဘက်ချောင်းတွင် (၁၁၀) မီဂါဝပ် စသည့် ရေကာတာ စီမံကိန်းများ တည်ဆောက်ရန် နားလည်မှု စာချွန်လွာ ရေးထိုးခဲ့သည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly