မီးရထားလမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်စဉ်က နစ်နာခဲ့သည့်မြေယာအတွက် လျော်ကြေးတောင်း

မီးရထားလမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်စဉ်က နစ်နာခဲ့သည့်မြေယာအတွက် လျော်ကြေးတောင်း

မကွေး မတ် ၁၄ ။            ။ မကွေး - နတ်မောက်မီးရထားလမ်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်စဉ်က နစ်နာခဲ့သည့် မြေယာအတွက် လျှော်ကြေးကို လယ်ယာမြေဥပဒေနှင့် အညီ အမြန်ဆုံး ဆောင်ရွက်ပေးရန် မကွေးမြို့နယ်၊ကြာကန်ကျေးရွာမှ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဇော်မင်းထိုက်က ပြောသည်။

မကွေးမြို့သတင်းစာဆရာအသင်း(MJA)ရုံးတွင် ယနေ့မတ် ၁၄ ရက်နေ့၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"၂၀၀၇ ခုနှစ်မှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ ၂၀၁၀ ခုနှစ်မှာ ပျော်ဘွယ်-နတ်မောက်-မကွေးမီးရထားလမ်း ဖြတ်သန်းဖောက် လုပ်စဉ်ကပါသွားတဲ့ ယာမြေတွေအတွက် မကွေးမြို့နယ်ထဲက ကျေးရွာ(၁၀) ရွာလောက်ပဲ လျော်ကြေးငွေရသေးတယ်။သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းမြေယာလျော်ကြေးကိုလည်း တစ်နိုင်ငံလုံးမှာ လျော်ကြေးငွေတွေ ပေးနေပေမယ့် မကွေး-နတ်မောက် လမ်း ကြော တစ်လျှောက် ယနေ့အချိန်အထိ လျော်ကြေးငွေ တစ်ရာတစ်ထောင် တောင် ပေးတာမတွေ့ရဘူး။လယ်ယာမြေဥပဒေနဲ့ အညီ မြေယာလျော်ကြေးတွေပေးဖို့ တောင်းဆိုပါတယ်။"  ဟု ဦးဇော်မင်းထိုက်က မဇ္ဈိမသို့ ပြော ကြားသည်။

မကွေးမြို့နယ်၊ကြာကန်ကျေးရွာတွင်  မတ် ၁၃ ရက်နေ့က မြေယာလျော်ကြေးမရရှိ သေးသော ကျေးရွာ(၁၀) ရွာမှ တောင်သူဦးရေ (၃၀၀) ကျော် ဆွေးနွေးတိုင်ပင်ပြီး၊ "နတ်မောက်၊ကြာကန် ၊တောင်သူလယ်သမား အသံ" ခေါင်းစဉ်ဖြင့် အချက် ၅ ချက် ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင် စုပေါင်းလက်မှတ်ရေးထိုးခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို မကွေးတိုင်းဒေသကြီးလွှတ်တော်၊အမျိုးသားလွှတ်တော်၊လယ်ယာမြေနှင့်ပတ်သက်သည့် ဝန်ကြီးဋ္ဌာနအသီးသီးသို့ ပေးပို့တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

"ဖောက်လုပ်စဉ်အခါက မြေယာဥပဒေနဲ့အညီဖောက်လုပ်ဖြတ်သန်းသွားခဲ့တာ မဟုတ်ဘူး။ဘာမှမပြောဘဲ ဖြတ်သန်းဖောက်လုပ် သွားခဲ့တာ။ဥပဒေဘောင်အတွင်းက တရားဝင်တင်ပြတောင်းဆိုသွားမယ်။ အဲဒီလိုမရဘူးဆိုရင် တောင်သူအင့်အား လေးငါး ထောင် စုပေါင်းပြီး၊ဆန္ဒဖော်ထုတ်သွားမယ်။ "ဟု ဦးဇော်မင်းထိုက်က ပြောသည်။

မကွေး-နတ်မောက်မီးရထားလမ်းနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်စဉ်က နတ်မောက်မြို့နယ်၊ အင်းကုန်း၊ ပိတောက်ငုတ်၊ တံခွန်တိုင်၊မကွေးမြို့နယ် ကြာကန်၊ကြာကန်ရွာသစ်၊လိပ်ကန်း၊ ကြို့ပင်အင်း၊ ကုန်းကြီး၊ညောင်ပင်ရွာအပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်၊ဧကပေါင်း(၁၀၀၀)ကျော် ဖြတ်သန်းဖောက်လုပ်ခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly