ဆီးရီးယားသို့သွားမည်ဟု ယူဆရသူ ၁၄ ဦးကို အင်ဒိုနီးရှား ထိန်းသိမ်း

ဆီးရီးယားသို့သွားမည်ဟု ယူဆရသူ ၁၄ ဦးကို အင်ဒိုနီးရှား ထိန်းသိမ်း

ဂျကာတာ၊ မတ်၊ ၁၄ ။            ။ ကလေးငယ်များအပါအဝင် ဆီးရီးယားသို့သွားမည်ဟု ယူဆရသူ ၁၄ ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကကြေညာလိုက်သည်။

ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့နှင့်သွားရောက်ပူးပေါင်းသော နိုင်ငံသားပေါင်း ရာနှင့်ချီရှိနေပြီဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ၏ မြို့တော်ဂျကာတာရှိ နိုင်ငံတကာလေဆိပ်တွင် ဘန်ကောက်သို့ သွားရောက်မည့်သူ ၁၄ ဦးကိုရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းလိုက်သူများသည် ဘန်ကောက်မှတဆင့် ဆီးရီးယားသို့ဆက်လက်သွားရောက်ရန် စီစဉ်ထား သဖြင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က   ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းလိုက်သူများထဲတွင် ဂျကာတာမြို့အနောက်ဘက်ပိုင်း၊ အစ်ဘဲလ်မှ မိသားစုတစ်စု နှင့် ဘိုနီယိုကျွန်းမှ လူ ၅ ဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဂျကာတာအနောက်ဘက်ပိုင်းမှ မိသားစုသည် စုစုပေါင်း မိသားစုဝင် ၅ ဦးဖြစ်ပြီး ထို ၅ ဦးတွင် ကလေး ၃ ဦးပါဝင်လျှက်ရှိ ကာ ဘိုနီယိုကျွန်းမှ လူ ၅ ဦးထဲတွင်လည်း အနည်းဆုံး ကလေး ၁ ဦးပါဝင်လျှက်ရှိသည်ကိုတွေ့ရသည်။

ယခုဖမ်းဆီးထိန်းသိမ်းလိုက်သူ ၁၄ ဦးမှာ IS အဖွဲ့နှင့်ပူးပေါင်းရန်အစီအစဉ် ရှိ၊မရှိ ဆိုသည်ကိုမူ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးချေ။

ဆီးရီးယားနှင့် အီရတ်ရှိနယ်မြေအများအပြားကို သိမ်းပိုက်ပြီး IS အဖွဲ့က အစ္စလာမ္မစ်နိုင်ငံတော်အဖြစ်ထူထောင်ခဲ့ချိန်မှ စ၍ ယင်းအကြမ်းဖက်အဖွဲ့နှင့်သွားရောက်ပူးပေါင်းသော အင်ဒိုနီးရှားနိုင်ငံသားပေါင်းမှာ ရာနှင့်ချီ၍ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required