ပုဂံယဉ်ကျေးမှုဇုံဝင်ကြေးကောက်ခံရငွေထဲမှ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ရာခိုင်နှုန်းသာသုံးမည်အပေါ် ကျေနပ်မှုမရှိ

ပုဂံယဉ်ကျေးမှုဇုံဝင်ကြေးကောက်ခံရငွေထဲမှ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ရာခိုင်နှုန်းသာသုံးမည်အပေါ် ကျေနပ်မှုမရှိ
ဓာတ်ပုံ- သူရ

ရန်ကုန်၊ မတ် ၁၄ ။        ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သဘောတူညီမှုရယူကာ ပုဂံယဉ်ကျေးမှုဇုံဝင်ကြေးကောက်ခံ ခွင့်ရရှိခဲ့ပြီး ရရှိသည့်ငွေထဲမှ နှစ်ရာခိုင်နှုန်းသာ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်အပေါ် ကျေနပ်မှုမရှိကြောင်း ပုဂံဒေသဖွံ့ဖြိုး တိုး တက်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်နုက ပြောသည်။

မတ် ၁၃ရက်နေ့က ပုဂံမြို့သစ် မြို့နယ် ဓမ္မာရုံတွင်ပြုလုပ်သည့် ပုဂံယဉ်ကျေးမှုဇုံအတွင်း ဇုံဝင်ကြေးကောက်  ခံမှုနှင့် ပတ်သက်၍ ဒေသခံများ၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

ယင်းသဘောတူညီချက်အရ ပုဂံဇုံဝင်ကြေးကောက်ခံရရှိသည့်အထဲမှ ၉၀ ရာခိုင်နှုန်းကို အစိုးရထံသို့ ပေးသွင်းရမည် ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည်ဖြစ်ပြီး ပုဂုံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ ရာခိုင်နှုန်းသာ သုံးစွဲမည် ဖြစ်ကြောင်း ပုဂံဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ သိရသည်။

" ကိုယ့်အလုပ် ကိုယ်လုပ်တာကတော့ အကောင်းဆုံးပဲဗျ။ ဒီရှေးဟောင်း ဇုံဝင်ကြေးနဲ့ ပတ်သက်တာက MTF နဲ့ ဘာမှမဆိုင်ဘူးဗျ။  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဆိုတာက ဧည့်သည်တွေများများဝင်လာအောင် ဝင်လာတဲ့ ဧည့်သည်တွေရဲ့ အစစအရာရာ သွားရေးလာရေး နေရေးထိုင်ရေးကျန်းမာရေး အစစအရာရာ အ ဆင်ပြေအောင် သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ရမယ့်အလုပ်ပဲ။ ဒီငွေကြေး ကောက်တဲ့ အလုပ်ကို သူတို့နဲ့ မပတ်သက်ဘူး" ဟု ဦးခင်မောင်နုက ပြောသည်။

လာမည့် အစိုးရသစ်အနေဖြင့် ပုဂံယဉ်ကျေးမှု ဇုံဝင်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ သမာသမတ်ကျသည့် အ ဖွဲ့အစည်းတစ်ခုဖွဲ့စည်းပေးပြီး ထိန်းသိမ်းပြုပြင်မှုနှင့် ပတ်သက်၍လည်း ယင်းအဖွဲ့ကို တာဝန်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ယဉ်ကျေးမှုဇုံဝင်ကြေးကိစ္စနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့မှ ပွင်းလင်မြင်သာစွာ ချပြရှင်းလင်းခဲ့ခြင်းမရှိခဲ့သည့်အတွက် မည်သည့်ပုံစံဖြင့် လုပ်ပိုင်ခွင့်ရ ရှိသွား သည်ကိုပင်မသိရကြောင်း ဦးခင်မောင်နုက ဆိုသည်။

" ဒီနေ့ MTFရဲ့ ရိုးသားမှုမရှိပဲ လက်ဝါးချင်းရိုက်ပြီးတော့ လုပ်သွားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကျွန်တော့ အနေနဲ့ ဒီနေရာကနေ လုံးဝကန့်ကွက်ပါတယ်"ဟု ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွင်းရေးမှူး ဦးဝင်းမောင် ကလည်း ဆိုသည်။

၂၀၁၅ခုနှစ်တွင် ပုဂံယဉ်ကျေးမှုဒေသသို့ ပြည်ပ ခရီးသွားဧည့်သည် ၂၄၇၁၄၀ ဦးဝင်ရောက်ခဲ့ပြီး ဇုံဝင်ကြေး ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ကောက်ခံရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required