ကျပ်သိန်းပေါင်း ၂၃၉၂ တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ

ကျပ်သိန်းပေါင်း ၂၃၉၂ တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
photo မြန်မာ့အလင်း

မတ်လ ၁၄ ရက် ။          ။ ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း မတ်လ ၁၂ ရက်နေ့က ကျပ်သိန်းပေါင်း ၂၃၉၂ တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

သတင်းရရှိထားသဖြင့် မဘိမ်းမြို့မရဲစခန်းမှ တာဝန်ကျရဲအုပ်များဦးဆောင်အဖွဲ့သည် မဘိမ်းမြို့နယ်၊ ရမ်းဘိုကျေးရွာအုပ်စု ဒေသ အခေါ်အားဖြင့် 'မိုးမှောင်ကျ' ရှိ ဦးရန်ချိန်မြင့် ၏ မြေစိုက်မိုးကာတဲအား ဝင်ရောက်ရှာဖွေရာမှ တဲအနီး၌ မြေကျင်းတူး၍ မြှုပ်ထားသည့် WY စာတန်းပါ စိတ်ကြွဆေး ၁၁၉၆၀၀ ပြားကို ရှာဖွေသိမ်းဆည်းမိသည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းတွင်ဖော်ပြသည်။

ယင်းမူးယစ်ဆေးများကို 'လက်ဝယ်တွေ့ရှိသူ ဦးရန်ချိန်မြင့်' သည် နမ့်ခမ်းမြို့နယ်၊ ရှာရှစ်တန်းကျေးရွာ၌နေထိုင်သူဖြစ်ပြီး မဘိမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။

၂၀၁၆ ခု ဖေဖော်ဝါရီလ တစ်လအတွင်း ပူးပေါင်းအဖွဲ့များက ဖမ်းမိသည့် စိတ်ကြွဆေးအမှု ၂၈၂ မှုရှိပြီး ဆေးပြား အရေ အတွက်အားဖြင့် စုစုပေါင်း ၈၃ သိန်းကျော်ရှိသည်ဟုလည်း သတင်းစာက ဖော်ပြထားသည်။

ဘိန်းမဲ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ဘိန်းဆီခဲ၊ အက်တက်ဆီဆေးပြား၊ ဘိန်းစာမှုန့်၊ အိုက်စ်၊ ကဖင်းအပါအဝင် မူးယစ်ဆေးဝါး မျိုးစုံကို ဖမ်းမိသည့် ဖေဖော်ဝါရီလ တစ်လအတွင်း အမျိုးသားတရားခံ ၇၀၁ ဦး၊ အမျိုးသမီးတရားခံ ၁၀၅ ဦး တို့အား အရေးယူနိုင်ခဲ့သည်ဟုလည်း မတ်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းတပုဒ်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required