ကျောက်ဆည်တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

ကျောက်ဆည်တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ
(ဓာတ်ပုံ-ကျောက်ဆည်မြို့မရဲစခန်း)

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် မတ်လ ၁၃ ရက်၊ နံနက် ၄ နာရီက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု ကျောက်ဆည်မြို့နယ်၊မြို့မ ရဲစခန်းမှသိရသည်။

ကျောက်ဆည်မြို့နယ်၊မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်စိုးနှင့်ရဲအုပ် ငြိမ်းချမ်းအောင်၊တပ်ကြပ်ကြီး တင်ဦး၊တပ်ကြပ် ရဲမျိုးထက်၊တပ်သားကျော်မြဦးနှင့်တပ်သား ငြိမ်းချမ်းအောင်၊သက်သေ ဦးဇော်လင်း၊ဦးဇော်လွင်ဦးတို့ပါဝင်သည့် အဖွဲ့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ဆည်မြို့ ၊ ဘောဂဝတီအုပ်စု၊ပေါက်တောရပ်ကွက်၊တောင် ဆင်နှစ်ကောင်အနီး မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးအား တွေ့ရှိစဉ် ရပ်တန့်စစ်ဆေးရန်ပြုစဉ် မောင်နှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ပေါက်တောရပ်ကွက်၊ အလယ်ကျွန်းလမ်းအရောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင်ပါလာသူ ကျော်ခိုင်ဦး၊တိုးတိုးလင်း၊သိန်းဇော်ဖြိုးတို့နှင့် မော်တော်ယာဉ်ပေါ်အားရှာဖွေရာ ကား၏နောက်ခန်းယာဘက် ပစ္စည်းဘောက်အတွင်း မှ MEVIUS ဆေးလိပ်ဘူးခွံထဲတွင် ထည့်ထားသော ပလပ်စတစ်အိတ်အပြာရောင်ဖြင့် ထုပ်ပိုးလျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသောWYစာတန်းပါ ပန်းရောင်ရူးသွပ်ဆေးပြား ၉၂ ပြား၊ အလေးချိန် ၉.၂ ဂရမ်နှင့် ကား ဒတ်ဘုတ်ပေါ်မှ RED RUBY ဆေးလိပ်ဖူးခွံနှင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WYစာတန်းပါ လိမ္မော်ရောင်ဆေးပြား ၂၁ ပြား၊ အစိမ်းရောင် ၁ ပြား၊ ပေါင်း ၂၂ ပြား၊ အလေးချိန် ၂.၂ ဂရမ်ခန့်နှင့် ပိုက်ဆံအိတ်အနက်ရောင် ၁လုံး၊ ငွေ ၈သောင်းကျပ်၊ဂက်မီးခြစ် ၃ လုံး၊ HONOR တံဆိပ် ဆင်းကဒ်ပါ ဖုန်းတစ်လုံး၊ ယာဉ်အမှတ် YGN 7C/71771 ၊MIT SUBISHICHARIOT N84W STATION WAGON ကားတစ်စီး၊ ကားသော့ တစ်ချောင်း၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တစ်စောင် တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စစ်ဆေးမှုများပြုလုပ်ရာ ၎င်း တို့တည်းခိုသော အဲဗားတည်းခိုခန်း အခန်းအမှတ် ၁၉ သို့သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အခန်းအတွင်းပစ္စည်းတင် စားပွဲအောက်မှ ဖယောင်းတိုင်တိုတစ်ချောင်း၊သုံးလက်စ အပေါက်ဖောက်၍ ပိုက်တပ်ထားသည့် ၁လီတာ ရေသန့်ဗူး ၁ ဗူး၊ တစ်ရူးစနှင့်ထုပ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ဟုယူဆရသော ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား ၊ အလေးချိန် ဝ.၂ ဂရမ်ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထိုသို့ဖမ်းဆည်းရမိသော ပစ္စည်းများကိုရဲအုပ် ငြိမ်းချမ်းအောင်မှရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ၎င်းတို့အား စစ်ဆေးရာ တိုးတိုးလင်းမှ မန္တလေးမြို့နေ သိန်းဇော်ဖြိုးအား အတူလိုက်ပါရန်ခေါ်ယူခဲ့ပြီး စက်မှု ၁ ရပ်ကွက်ထိပ်၊ သမန်းကုန်းရပ်ကွက်နေ မျိုးဇော်ဆိုသူထံမှ ဆေးပြား ၁၅၀ ပြားအား ၆၀၀၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး အခြားသူများအား ၁ပြား ၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ငွေ ၈၀၀၀၀ ကျပ်ရရှိကြောင်း ထွက်ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများသယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲသူ ကျော်ခိုင်ဦး၊ တိုးတိုးလင်း၊ သိန်းဇော်ဖြိုးတို့အား အရေးယူပေးရန် ရဲအုပ် ငြိမ်းချမ်းအောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျောက်ဆည်မြို့မရဲစခန်းမှ မယ(ပ)၅/၂၀၁၆၊မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly