ကွတ်ခိုင်မှ ထွက်ပြေးတိန်းရှောင်ရသည့် ဒုက္ခသည် ၁၀၀၀ခန့် စားနပ်ရိက္ခာ အခက်ကြံုနေ

ကွတ်ခိုင်မှ ထွက်ပြေးတိန်းရှောင်ရသည့် ဒုက္ခသည် ၁၀၀၀ခန့် စားနပ်ရိက္ခာ အခက်ကြံုနေ
ဓာတ်ပုံ-အီးပီအေ

ချင်းမိုင်၊ မတ် ၁၃ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် နမ်ဖတ်ကာကျေးရွာသို့ ထွက်ပြေးလာသူ စစ်ပြေးဒုက္ခသည် ၁၀၀၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် မတ်လ ၇ ရက်မှစတင်၍ ကွတ်ခိုင်မြို့နယ် နမ်ဖန်ကာကျေးရွာ အောင်သပြေ ဓမ္မာရုံတွင် ယနေ့ထိ စစ်ပြေးဒုက္ခသည် ၆၅၂ ဦး ရောက်ရှိနေသလို၊ မိုင်းယုလေးကျေးရွာတွင်လည်း ၃၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ထပ်တိုးလာတယ်။ အခုလောလောဆယ်က အားလုံးက ၆၅၂ ဦးရောက်လာပြီ။ ဆန်၊ စောင်၊ အဝတ်အထည်တွေ နည်း နည်း ပါးပါးရောက်လာတာတော့ရှိတယ်။ ဓမ္မာရုံမှာ မဆန့်တော့လို့၊ အခုလောလောဆယ်က နေရာမရှိသေးဘူး။ အိမ်ဘေး နားက အိမ်တွေမှာ အိပ်ပြီးနေရတယ်”ဟု နမ့်ဖတ်ကာမှ ဒုက္ခသည်စခန်းကော်မတီ အတွင်းရေးမှူး တာအိုက်ညီက မဇ္ဈိမကို ပြောသည်။

တအာင်းစာပေယဉ်ကျေးမှုအဖွဲ့၊ တရုတ်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ကချင်စာပေယဉ်ကျေးမှုအဖွဲ့များ ဆန်၊ ဆီ၊ စောင်၊ အဝတ်အထည်များ ကူညီထောက်ပံ့မှု အနည်းငယ်ရရှိထားသည်ဟု သူက ပြောသည်။

အစိုးရ စစ်တပ်မှ ဒေသခံရွာသားများကို ဖမ်းဆီးခြင်းနှင့် နေအိမ်များ မီးရှုံ့ဖျက်ဆီးခြင်းများရှိနေသဖြင့် ကွတ်ခိုင်မြို့နယ် လွယ်စရမ်း၊ ဒိန်ကရီ၊ မန်မိုင်၊ ဂျုံနောစသည့် ကျေရွာများမှ ဒေသခံများ နမ်ဖတ်ကာနှင့် မိုင်းယုလေးကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်သည်ဟု တအာင်းကျောင်းသားများနှင့်လူငယ်အဖွဲ့မှ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) မိုင်းမျိုးအောင်က ပြောသည်။

“ဒီနေ့က မိုင်းယုလေးဘက်မှာ ၃၀၀ ကျော်သွားပြီ။ နမ်ဖတ်ကာဘက် ၆၀၀ ကျော်ဆိုတော့ အားလုံးပါင်း ၁၀၀၀ ကျော်သွားပြီ။ ဒေသခံတွေက အရမ်းစိုးရိမ်နေကြတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်ဘက်က ဒေသခံ ရွာကလူတွေကို ဖမ်းဆီးသွားတယ်။ တစ်ချို့ကထွက်ပြေးလာတယ်။ တစ်ချို့က ခုထိ ဘယ်ရောက်လို့ရောက်နေလဲ မသိသေးဘူး။ သူတို့ ထိန်းသိမ်းထားတာတွေ ရှိတယ်။ ပြီးတော့ ရွာတွေမှာ မီးရှုံ့တဲ့အပိုင်းတွေ ရှိတော့ ရွာကလူတွေက ကြောက်လန့်ပြီး ထွက်ပြေးလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မတ်လ ၁၂ ရက်တွင် ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာနှင့် လွယ်စယမ်ကျေးရွာများတွင် အစိုးရ စစ်တပ်မှ မီးရှုံ့မှုများ ရှိသဖြင့် ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်ဟု သူက ပြောသည်။

မတ်လ ၅ ရက်က ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာသားများအား အစိုးရ စစ်တပ်က အစည်းအဝေး ခေါ်ယူကာ လူ ၁၄ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာမှ ငေါ့ငါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားလာသဖြင့် ဒေသခံ ရွာသား ၁၀ ဦးက ထွက်ပြေး လွှတ်မြောက်လာသော်လည်း ကျန် ၄ ဦးမှာ ယနေ့ထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မတ်လ ၇ ရက်မှစတင်ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များ နေထိုင်ရန်အတွက် မိုးကာတဲဆောက်ရန်နှင့် စောင်များ အဓိက အရေးတကြီး လိုအပ်နေသည်ဟု မိုင်းမျိုးအောင်က ပြောသည်။

TNLA နှင့် မြန်မာ့တပ်မတော်တို့အကြား မတ်လ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွိုင်ဆာကျေးရွာအနီး နာရီဝက်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာ့တပ်မတော်မှ ထိုးစစ်အရှိန် ပိုမိုမြင့်တင်ခြင်း၊ အပြစ်မဲ့လူထုအား ဦးတိုတိုက်ခိုကခြင်းများပြုလုပ်နေမှုအပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က မတ်လ ၁၁ ရက်က ကန့်ကွက်ထားထားသည်။

မြန်မာ့တပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း ပြည်သူထုထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသသများသို့ ဝင်ရောက်လှုပ်ရှားရှင်းလင်းလျက်ရှိသည်ဟု ဖေဖော်ဝါရီလ ၂၄ ရက် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း TNLA တပ်များ လှုပ်ရှားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ စသည့် မြို့နယ်များသို့ မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အား ထောင်ချီ တိုးမြင့်လာကာ မတ်လဆန်းပိုင်းမှစတင်၍ နှစ်ဖက် တပ်များ နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required