သစ်တောဖြစ်လွယ်သည့် စိန်တစ်လုံးသရက်မျိုးအပင် ၆၀၀၀အား မကွေးတိုင်းတွင် အခမဲ့ဖြန့်ဝေ

သစ်တောဖြစ်လွယ်သည့် စိန်တစ်လုံးသရက်မျိုးအပင် ၆၀၀၀အား မကွေးတိုင်းတွင် အခမဲ့ဖြန့်ဝေ

မကွေး၊ မတ် ၁၃ ။ ။ သစ်တောဖြစ်လွယ်၍ တောင်သူများအတွက် တိုက်ရိုက်အကျိုးကျေးဇူးရှိမည့် "စိန်တစ်လုံး"သရက်မျိုး အပင်(၆၀၀၀)အား မကွေးတိုင်းဒေသကြီးအတွင်း၌ မိုးရာသီသစ်ပင်စိုက်ကာ ဇူလိုင်လအမှီ တောင်သူများလက်ထဲအရောက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက ရာသီဥတု ညီညွတ်မျှတမှုမရှိခြင်းကြောင့် သီးနှံဖျက်ပိုးနှင့် ဆေးကြွင်းအာနိသင် အန္တရာယ်ကြုံတွေ့ခဲ့၍ ဒေသထွက် စိုက်ပျိုးသီးပင်များပျက်စီးခြင်းနှင့် အထွက်နှုန်းနည်းခြင်းများကြောင့် တောင်သူများ အကျိုးစီးပွားဆိုင်ရာ နစ်နာခဲ့မှုများ တွေ့ခဲ့ရ၍ ဆုံးရှုံးနစ်နာမှုများ လျော့နည်းစေရေးအတွက် လယ်ယာစိုက်ခင်းများ၏ လယ်ယာကန်သင်းရိုးများ၌ အကျိုးစီးပွားရှိနိုင်သည့် နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးနိုင်ရန် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး၊ ယခုနှစ်တွင် တောင်သူများ နှစ်အနည်းငယ်အတွင်း အကျိုးစီးပွားရရှိနိုင်သည့် နှစ်ရှည်စိန်တစ်လုံးသရက်ပင်များကို ဖြန့်ဝေပေးရန် စီစဉ်လျက် ရှိသည်။

"စိန်တစ်လုံး သရက်မျိုးပင်တွေ စိုက်ချင်တဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးဌာနကို လာရောက်ပြီး၊ အပင်ပေါက်တွေ ယူနိုင်တယ်။ စိုက်ပျိုးလိုတဲ့ တောင်သူရဲ့ ယာမြေဧကအကျယ်အားကြည့်ပြီး သရက်ပင်မျိုးတွေကို ပေးသွားမယ်။" ဟု မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြေပြသည်။

စိန်တစ်လုံးသရက်(၃၊၄)လအရွယ် အပင်ပေါက်များအား တောင်သူများလက်ထဲအရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးနည်းစနစ်များကိုလည်း စိုက်ခင်းထဲအရောက် သရုပ်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ စိန်တစ်လုံးသရက်ပင်သည် (၄)နှစ် သားအရွယ်၌ စတင်ခူးဆွတ်ရောင်းချနိုင်ပြီး အခြားသရက်မျိုးများထက် ဈေးနှုန်းပိုကောင်းပြီးအရသာပိုရှိကာ မကွေးတိုင်း၏ ရာသီဥတုနှင့်လည်း ကိုက်ညီသည်ဟု သိရသည်။

အဆိုပါ စိုက်ခင်များအောင်မြင်ပါက အရိပ်ရ၍ အပူဒဏ်များလျော့ချနိုင်ပြီး ဝင်ငွေလမ်းဖြောင့်သော အကျိုးရလဒ်ကောင်းများရှိ နိုင်မည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required