ရန်ကုန်စတော့အိတ်ချိန်း မတ် ၂၅ ရက်တွင် ရှယ်ယာအရောင်းအဝယ်များ စတင်မည်

ရန်ကုန်စတော့အိတ်ချိန်း မတ် ၂၅ ရက်တွင် ရှယ်ယာအရောင်းအဝယ်များ စတင်မည်
Yangon Stock Exange ရုံးဖွင့်ပွဲအခန်းအနားအား ရန်ကုန်မြို့ဆူးလေးလမ်းမနှင့် ကုန်သည်လမ်းထောင့်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းရန်ကနု်စတော့အိပ်ချိန်းရုံးတွင် ပြုလုပ်နေသည့်မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို (မဇ္စျိမ)

မြန်မာနိုင်ငံ၏ ပထမဆုံးစတော့ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်များအား မတ် ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း အစုရှယ်ယာနှင့် အိတ်ချိန်းကော်မရှင် SECM ဥက္ကဌ ဒေါက်တာမောင်မောင်သိမ်းက မတ် ၁၂ ရက်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်များအတွက် ပထမဆုံးစာရင်းတင်ထားသည့် ကုမ္ပဏီခြောက်ခုမှ ပထမမြန်မာရင်းနှီးမြုပ်နှံမှု FMI ကုမ္ပဏီက စတင်ပြီး ရှယ်ယာများကို အရောင်းအဝယ်စလုပ်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင်းက ရန်ကုန်စတော့အိတ်ချိန်းရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် FMI အနေဖြင့် လိုအပ်သော လုပ်ဆောင်ဖွယ်အားလုံး အကုန်ပြည့်မီပြီး ရှယ်ယာရောင်းချနိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အကြီးဆုံး အများပိုင်ကုမ္ပဏီဖြစ်သည့် မြန်မာ့သီလဝါအထူးစီးပွားရေးဇုန်ဦးပိုင်အများပိုင် လီမီတက် MTSH ကုမ္ပဏီကမူ ကုမ္ပဏီရှယ်ယာပိုင် အရေအတွက်များလွန်းခြင်းကြောင့် ရှယ်ယာရောင်းချရေး အသင့်မဖြစ်သေးကြောင်း ဦးမောင်မောင်သိမ်းက ပြောခဲ့သည်။

MTSH ကုမ္ပဏီကြီးအနေဖြင့် ယခုလနှောင်းပိုင်းတွင်တော့ ရှယ်ယာများစတင်ထုတ်ရောင်းချနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားဘဏ်နှင့် ပထမပုဂ္ဂလိကဘဏ်တို့ ရန်ကုန်စတော့အိတ်ချိန်းဝင် ဘဏ်များဖြစ်ကာ နောက်လအတွင်း ရှယ်ယာများ စတင်ရောင်းချမည်ဖြစ်သည်။

Great Horkham Public Co.Ltd နှင့် Myanmar Agribusiness Public Coporation တို့ကလည်း ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများဖြစ်ကြကာ ၎င်းတို့၏ ရှယ်ယာများ ရောင်းချရေးလည်း လုပ်ဆောင်လာမည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်သည့် လျှောက်လွှာ များစွာရရှိ၍ စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများပြားကြောင်း သိရသည်။ ယခုနှစ်မကုန်မီ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုလုပ်မည့် စာရင်းဝင် ကုမ္ပဏီပေါင်း အနည်းဆုံး ဆယ်ခုထက်မနည်းရှိလာမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ဆင့်ခံရှယ်ယာဖြန့်ဖြူးရောင်းချသည့် လိုင်စင်ကိုလည်း ကုမ္ပဏီ ငါးခုကို ချပေးရရှိထားသည်။

ရန်ကုန်စတော့အိတ်ချိန်းအား ပြီးခဲ့သည့် ဒီဇင်ဘာက စာရင်းတင်ကုမ္ပဏီ ခြောက်ခု၊ စတော့ရှယ်ယာကုမ္ပဏီနှစ်ခုနှင့် ကမ္ဘောဇဘဏ်က တာဝန်ယူသည့် ရှယ်ယာအရောင်းအဝယ် ငွေလွှဲဝန်ဆောင်မှုဘဏ် fund settlement bank တို့ဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း ယခု မတ် ၂၅ ရက်တွင်မှ ရှယ်ယာအရောင်းအဝယ်များ စတင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required