၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ယူ - ၁၆ အမျိုးသားပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲမှုများ ထွက်ပေါ်

၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ယူ - ၁၆ အမျိုးသားပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲမှုများ ထွက်ပေါ်

မတ် ၁၂ ၊ ရန်ကုန် ။        ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲနှင့် ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ တို့၏ အုပ်စုအဆင့်မဲခွဲမှုများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

အဆိုပါမဲခွဲပြီး အပြီး၌ အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများတစ်အုပ်စုတည်းကျရောက်လျက်ရှိပြီးအုပ်စု(ခ)တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် သြစတြေးလျ၊ မလေးရှားနှင့် ဖိတ်ခေါ် အသင်းတစ်သင်း (တရုတ် တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့အနက်မှ တစ်သင်း) တို့ အတူ ကျရောက်လျက်ရှိသည်။

၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအား မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းတွင် လာမည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၄ ရက် အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပွဲစဉ်ဇယားအတိအကျကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

အာဆီယံ ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ မဲခွဲမှုရလဒ်အရ အိမ်ရှင်မြန်မာအသင်းသည် အုပ်စု (က)တွင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်ခဲ့ပြီး အုပ်စု(ခ)တွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့်အတူ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အင်ဒိုနီးရှား (ယှဉ်ပြိုင်ရန် အတည်မပြုသေး) အသင်းများ ကျရောက်သွားခဲ့သည်။ အဆိုပါ အာဆီယံ ယူ၁၆ အမျိုးသားဘောလုံး ပြိုင်ပွဲကို ယခုနှစ် ဇူလိုင် ၁၀ မှ ၂၃ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

အလားတူ အာဆီယံ သဲသောင်ပြင် ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း ယခုနှစ် သြဂုတ် ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်နှင့်အတူ မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ တီမောနှင့် ပြိုင်ပွဲအဓိက စပွန်ဆာ FELDA အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့်နယ်သာလန်လူမျိုးရော်ဂျာက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ပြီး ယူ-၁၆ အမျိုးသမီးအသင်းကိုမူ သြစတြေးလျလူမျိုးနည်းပြ အဲရစ်ဝီလျံက ကိုင်တွယ်လျက်ရှိကာ သဲသောင်ပြင်လက်ရွေးစင်အသင်းကိုမူ လက်ရှိအထိ ဖွဲ့စည်းထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly