တပ်မတော်က ရွေးချယ်ပေးလိုက်သည့် ဒုတိယ သမ္မတအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းအမြင်သဘောထား

တပ်မတော်က ရွေးချယ်ပေးလိုက်သည့် ဒုတိယ သမ္မတအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းအမြင်သဘောထား
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော India Investrade 2014 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ အမှာစကားပြောကြားစဉ်။ ( ဓာတ်ပုံ- မဇ္စျိမ)

ဒုတိယသမ္မတအဖြင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးထင်ကျော် အားလည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဟင်နရီဗန်ထီးယူ အားလည်းကောင်းရွေးချယ်ခဲ့ပြီးနောက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (အငြိမ်းစား) အား ဒုတိယသမ္မတ အဖြစ်ရွေးချယ် ခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား) အား ဒုတိယသမ္မတ အဖြစ် တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွန့်၊ ရန်ကုန်တိုင်း လွတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းနှင့် မြန်မာ့အရေးလေ့လာသူ ဦးမျိုးရန်နောင်သိမ်းတို့၏ အမြင်သဘောထားများကို မဇ္ဈိမက မေးမြန်း၍ဖော်ပြအပ်ပါသည်။

ဦးစိုင်းကျော်ညွန့် (ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်) ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ

တပ်မတော်ရဲ့လုပ်ပိုင်ခွင့်ထဲကနေသူ့ကို ရွေးချယ်ထားတယ်ဆိုတော့ ပြောစရာမရှိပါဘူး။ ပြည်သူက သဘောကျ လက်ခံတဲ့သူဆိုရင် အကောင်းဆုံးပေါ့။ ရွေးချယ်မှုပိုင်းမှာ တပ်မတော် အနေနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ ရွေးတယ်ဆိုတာတော့ ကျွန်တော်တို့မသိနိုင်ဘူးလေ။ ဒီမိုကရေစီနိုင်ငံဆိုရင် ပြည်သူက ရွေးကောက်တင်မြောက်တဲ့ သူဖြစ်ရင် အကောင်းဆုံးပေါဗျာ။

နောက် အစိုးရတက်လာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးကိုဘယ်လိုဖော်ဆောင်မလဲ မသိရသေးဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်သူက ကိုင်တွယ်မယ်ဆိုတာလဲ မသိရသေးဘူး။ သူကငြိမ်းချမ်းရေး လုပ်ငန်းထဲမှာ ပါဝင်ဖို့ တပ်က သူ့ကိုလွတ်မှာလား မလွတ်ဘူးလား မသိနိုင်သေးဘူး။ ကောင်းခြင်း ဆိုးခြင်းကို ဝေဖန်ဖို့တော့ နဲနဲစောအုံးမယ်၊ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ဆိုရင် ပြည်သူတွေ သဘောကျတဲ့သူ ထောက်ခံတဲ့သူကို တပ်ပိုင်းကရွေးချယ်လိုက်မယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေး အတွက်ရော ငြိမ်းချမ်းရေးအတွက်ရော ပိုပြီးတော့အထောက်အကူပြုမှာပေါ့။ ဒါက သာမန်စဉ်းစားချက် ပါ တကယ်တမ်း လုပ်ငန်းအကောင်အထည်ဖော်တဲ့အချိန် သူတို့ဘယ်လို ရပ်တည်မလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီမိုကရေစီကိုသွားမယ်ဆိုရင်ပြည်သူတွေလက်ခံတဲ့ ထောက်ခံတဲ့ ပုဂ္ဂိုလ်ဖြစ် ရင်တော့ပိုကောင်းတာပေါ့။

ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်လွတ်တော်အမတ်ဟောင်း)

တပ်မတော်ကသူ့ကို (ဦးမြင့်ဆွေ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ တင်သွင်းတယ် ဆိုတာ ဥပဒေ အရဖြစ်လို့ပြောစရာမရှိဘူး။ သို့သော်လည်းဘဲ နိုင်ငံတော်သမ္မတ အဖြစ်တာဝန်ထမ်းဆောင်  မယ့်သူက ပွင့်လင်းမြင်သာမှုရှိရမယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရမယ်။ NLD က တင်တဲ့သူ ဖြစ်ဖြစ် တပ်မတော်ကတင်တဲ့သူဖြစ်ဖြစ် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အခုချိန်မှာ မရှိရင်တောင် သမ္မတ၊ ဒုတိယသမ္မတ ဖြစ်တဲ့အချိန်ရာနှုန်းပြည့်ရှိရမယ်။ အဲ့လို ရာနှုန်းပြည့်ဖြစ်မယ့် သူကို သမ္မတလောင်းအနေနဲ့လျာထားတာအကောင်းဆုံးဘဲ။

ဦးမြင့်ဆွေဟာ တပ်မတော်အပေါ် သစ္စာရှိမယ့်သူ လို့ယုံကြည်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်တဲ့ အတွက်ရွေးတယ်လို့ထင်ပါတယ်။ အမှန်က တပ်မတော်က သူ့ရဲ့အမည်စာရင်းတင်သွင်းတဲ့အခါ ပြီးခဲ့တဲ့ ၅ နှစ်ကသူ့ရဲ့ ဆောင်ရွက်ချက်တွေကိုလဲ ထည့်သွင်းစဉ်းစားသင့်တာပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာလုပ်ခဲ့တဲ့စီမံကိန်းတွေမှာ ပြည်သူလူထုရဲ့ မေးခွန်းထုတ်မှုတွေ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းထုတ်မှုတွေကို ပြေလည်အောင် ဖြေကြားနိုင်ခဲ့ခြင်းမရှိဘူး။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီစံနှုန်းအရ လိုက်နာရမယ့် စံချိန်စံညွန်းတွေ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဒါတွေအပေါ်မှာ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ဘူး။ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းအတွင်းမှာ ပြုပြင် ပြောင်းလဲရေးကိုလိုလားတဲ့ တပ်မတော်သား အချို့ပေါ်ထွက်ခဲ့တယ်။ အဲ့ဒီ ထဲမှာသူမပါဘူး။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို သူမှီအောင်မလိုက်နိုင်ခဲ့ဘူး။ တပ်မတော် ထဲမှာ သဘောထားတင်းမာတဲ့အထဲပါတယ်လို့ မှတ်ချက်ချခံရတယ်။ ဒီအချက်တွေဟာ သမ္မတလောင်း တင်သွင်းတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ။ တပ်မတော်ဘက်က လုပ်ခွင့်ရှိသော်လည်း ဒီအချက်တွေထည့်သွင်းစဉ်းစားရင်ပိုကောင်းမယ်။

ဦးမျိုးရန်နောင်သိမ်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူးနှင့် ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းအုပ်)

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘယ်ဘက်ကမှတင်းမာလို့မရဘူး၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီးသွားရမယ့်လမ်းစဉ်ဆိုတော့သဘောထားတင်းမာလို့မရဘူး။ သူ့ကို (ဦးမြင့်ဆွေ) တင်မြောက်တာဟာ သဘောထားတင်းမာစေမယ့် ရည်ရွယ်ချက်နဲ့ လုပ်တယ် ဆိုရင်တော့မကောင်းဘူးပေါ့။ တကယ်ပြေလည်နိုင်မယ့် သူထားတာဆိုရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာအချင်းချင်းမပြေလည်လို့ နိုင်ငံတကာအလယ်မှာ အောက်ကျ နောက်ကျ ဖြစ်ခဲ့တာများပြီး၊ နောင်မှာအဲ့လို အဆင်မပြေဆက်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂါတ်အတွက် မကောင်းဘူး။ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ကိုမှတ်ချက်မပေးလိုဘူး သူကောင်းတာ ဆိုးတာ ကျွန်တော်တို့ အသိဘဲဖြစ်တယ်။ NLD ကရွေးထားတဲ့ သမ္မတနှစ်ဦးနဲ့ နီးကပ်ရင်းနှီးစွာ အလုပ်လုပ်နိုင်ရင် ကောင်းမယ်လို့မြင်တယ်။ အဆင်မပြေမှုတွေဆက်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂါတ် အတွက်မကောင်းဘူး။ ကျွန်တော်ကတော့မြန်မာပြည်အနာဂါတ်ကို ဘဲတည်ပြီး စဉ်းစားချင် တယ်။ အတိတ်မှာဘာဖြစ်ခဲ့လည်းအစဉ်းစားစေချင်ဘူး။ အဆိုးတွေမြင်နေမယ် ဆိုရင်လည်းမကောင်း နိုင်ဘူး။

တပ်မတော်ဘက်က သူ့ကိုဘာကြောင့် ရွေးလဲဆိုတာတော့ မှတ်ချက်မပေးလိုဘူး၊ တပ်မတော်ဘက်က စဉ်းစားချက်တွေအကြောင်းပြချက်တော့ရှိမှာပေါ့၊ အနာဂါတ်မှာဘယ်လိုဆက်လုပ်မလဲဆိုတာ ကိုဘဲ စဉ်းစားစေချင်တယ်။ သူသည် လက်ရှိကာချုပ်နဲ့ရော ဗိုလ်ချုပ်မှူးကြီးသန်းရွေနဲ့ရော အဆင်ပြေတဲ့သူ ဖြစ်လို့ NLD နဲ့ယုံကြည်မှုတည်ဆောက်နိုင်တယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံကောင်းသွားမယ် ဆိုလဲ ကောင်းနိုင်တာဘဲ။ ဒုတိယသမ္မတ ကတော့ဖြစ်သွားပြီ ဒီအပေါ်မှာပတ်ပတ်လည်က အဆိုးမြင် နေကြရင် အဆိုးတွေပြန်ကန်လာကြမှာရှိတယ်။ လူထုကို သတင်းစကားပါးချင်တာက အဆိုးတွေဘဲ မမြင်စေချင်ဘူး ကောင်းမွန်တဲ့အနာဂါတ်ကို ကြည့်ကြရအောင်၊ တကယ်ဆိုးလာရင်တော့ ပြည်သူတွေ ထောက်ပြဖို့တော့လိုတာပေါ့။

နိုင်ငံတစ်ခုကိုအုပ်ချုပ်မယ်ဆိုရင် လုံခြုံရေးအမြင်တစ်ခုတည်းနဲ့အုပ်ချုပ်လို့မရဘူးဗျ။ တပ်မတော်သား တစ်ဦးအနေနဲ့ လုံခြုံရေးအမြင်ရှိတယ် ဆိုတာလက်ခံ ပါတယ်။ လုံခြုံရေးအမြင်၊ ကာကွယ်ရေးအမြင်နဲ့ မကြည့်ဘဲနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမြင်နဲ့ ပိုကြည့်စေချင်တယ်။ ငြိမ်းချမ်းရေး ဆိုတာ လက်နက်နဲ့တိုက်လို့ ဘယ်တော့မှငြိမ်းချမ်းရေးမရဘူး။ အပြန်အလှန်လေးစားမှု၊ ဆွေးနွေးမှု၊ ယုံကြည်မှုတည်ဆောက်ခြင်း အားလုံးလက်ခံနိုင်တဲ့အခြေအနေတစ်ခုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးရရှိနိုင်မှာ။ ရန်သူကို ဘယ်လိုအနိုင်တိုက်မလဲဆိုတဲ့စစ်ရေးအမြင်နဲ့မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဘယ်လိုစကားဝိုင်းနဲ့ တည်ဆောက်ကြမလဲ အဲ့ဒီလိုအမြင်နဲ့သွားစေချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required